DVB Logo
Home
မြန်မာသတင်း
မဲစာရင်းများ မှားယွင်းကြောင်း ပြောဆိုခဲ့သည့် ဘူးလက်လှဆွေ ခေါ်ယူ စစ်ဆေးခံနေရ
DVB
·
October 10, 2025
မဲစာရင်းများ မှားယွင်းကြောင်း ပြောဆိုခဲ့သည့် ဘူးလက်လှဆွေ ခေါ်ယူ စစ်ဆေးခံနေရ
Donate to DVB

စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေ အကြီးအကျယ် မှားယွင်းနေကြောင်း ပြောဆိုခဲ့တဲ့ ဘူးလက်ဦးလှဆွေ ခေါ် ဦးလှဆွေကို အောက်တိုဘာ ၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာ မဲစာရင်းတွေ ရာနဲ့ချီကွာဟနေပြီး သေတဲ့သူတွေတောင် ပါနေတယ်လို့ ကြံ့ခိုင်ရေးပါတီမှ ဦးလှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှာ live လွှင့်ပြောဆိုခဲ့ရာ သတင်းမီဒီယာတွေက ဖော်ပြပြီးနောက် စစ်​ဆေးခံရတာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“နေပြည်တော်မှာ မဲစာရင်းတွေ ကွာနေတာကို သူပြောလိုက်လို့ သတင်းမီဒီယာတွေ သိရတာ။  UEC က ဗိုလ်ချုပ်သန်းစိုးကလည်း ဘူးလက်လှဆွေကို ဖော်ကောင်လုပ်လို့ ဒီပြဿနာဖြစ်ရတာ၊ သူတို့ကို စောက်ရှက်ခွဲတယ်ဆိုပြီး တပ်ကိုတင်ပြပြီး ဖမ်းခိုင်းတာ၊ ဘယ်မှာစစ်နေလဲ မသိတော့ဘူး။”

အဖမ်းမခံရခင် အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ ဦးလှဆွေက သူအသုံးပြုနေတဲ့ Lion United usdp Tiktok Account ကနေ UEC ကောင်းကြောင်းတွေ ပြန်လည်ဖာထေး ပြောဆိုခဲ့ပေမဲ့ ညပိုင်းမှာ စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။

“သူမှားသွားတယ်ဆိုတာသိလို့ ၇ ရက်နေ့က လက်ရှိ UEC ကလူတွေက NLD လက်ထက်က ဦးမြင့်နိုင်တို့လို မဟုတ်ဘူး။ မဲစာရင်းတွေ ချက်ချင်းပြင်ပေးတာ။ တကယ်တော်ဗျာဆိုပြီး Live လွှင့်ပြီး ပြောသေးတယ်။ ဒါပေမဲ့ မရဘူး။ စစ်တပ်ကဖမ်းသွားတယ်။ ခံဝန်နဲ့ပဲပြန်လွတ်မလား၊ ရွေးကာဥပဒေနဲ့ အမှုဖွင့်မလား မသိသေးဘူး။ အခုချိန်ထိ ပြန်မလွတ်သေးဘူး၊ ၅ ရက်နေ့က တင်ထားတဲ့ Live တောင် ဖျက်သွားပြီ။” 

အောက်တိုဘာ ၅ ရက်မှာ ဦးလှဆွေက သူအသုံးပြုနေတဲ့ TikTok Account ကနေ UEC က ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေ ရာနဲ့ချီကွာခြားနေသလို သေတဲ့သူတွေပါ ပါဝင်နေလို့ ပြန်လည်ပြင်ဆင်ပေးဖို့ Live လွှင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေ အခုလို ခေါ်ယူမေးမြန်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဘက်ကရော စစ်ကောင်စီဘက်ကပါ တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲလို မဖြစ်အောင် ၂၀၂၅ ရွေးကောက်ပွဲကို မှန်ကန်တိကျအောင် ဆောင်ရွက်သွားမယ်လို့ မီဒီယာတွေနဲ့တွေ့ဆုံစဥ်မှာ ပြောဆိုခဲ့တဲ့ UEC ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်သန်းစိုးအတွက်တော့ ဦးလှဆွေရဲ့ Live လွှင့် ပြောဆိုမှုတွေဟာ အတော်လေး အထိနာခဲ့တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါတီပေါင်း ၅၇ ပါတီက ကိုယ်စားလှယ် ၅,၀၀၀ ကျော် ဝင်ပြိုင်သွားမှာဖြစ်ပြီး အဲဒီထဲမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝေဖန်တဲ့သူတွေကို အရေးယူထားတာ အယောက် ၆၀ ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013