DVB Logo
Home
မြန်မာသတင်း
ချောင်းဦး- ဘုံတိုရွာ သီတင်းကျွတ်ည တိုက်ခိုက်မှု ကုလသမဂ္ဂ ကန့်ကွက်ရှုတ်ချ
DVB
·
October 9, 2025
ချောင်းဦး- ဘုံတိုရွာ သီတင်းကျွတ်ည တိုက်ခိုက်မှု ကုလသမဂ္ဂ ကန့်ကွက်ရှုတ်ချ
Donate to DVB

စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာထဲက သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပနေတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂက ကန့်ကွက် ရှုတ်ချလိုက်ပြီး ခုလို စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ပုံစံတမျိုး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ဝေဟင်ပစ် ခဲယမ်းလက်နက်တွေကို ခွဲခြားမှုမရှိ အသုံးပြုမှုကို လက်မခံနိုင်ကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင်သူတွေအားလုံး အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေအောက်က သူတို့ရဲ့ တာဝန်တွေကို လိုက်နာရမှာဖြစ်တယ်လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ငြိမ်းချမ်းစွာ ကျင်းပရာနေရာကို အောက်တိုဘာ ၆ ရက် ည ၇ နာရီကျော်နဲ့ ည ၁၁ နာရီကျော်မှာ စစ်တပ်က စက်တပ်လေထီး ၂ စီးနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာပါ။

အောက်တိုဘာ ၈ ရက်နေ့မှာ သေဆုံးသူ ၄၀ ထက်မနည်းရှိလာပြီး အောက်တိုဘာ ၉ ရက်နေ့အထိ သေဆုံးသူတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးတွေ မရှိတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အချိန်မီမကယ်နိုင်ဘဲ သေဆုံးသူအရေအတွက် အဆမတန်များလာတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီလုပ်ရပ်ကို ရှုတ်ချကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားပြီး မြန်မာ့အရေး ဆောင်ရွက်သူတွေက နိုင်ငံတကာအစိုးရနဲ့ လွှတ်တော်တွေဆီကို သတင်းအချက်အလက် ပေးပို့နေကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ အဆိုအရ စစ်ကိုင်းတိုင်းဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားသေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သလို အခုနှစ် မတ် ၂၈ ရက်ကနေ ၃၁ ရက်အတွင်း ကာလတခုတည်းမှာတင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀၈ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၉ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ လက်ရှိအချိန်ထိ အရပ်သားသေဆုံးမှု အနည်းဆုံး ၆,၇၆၄ ယောက်နဲ့ ဖမ်းဆီးခံရသူပေါင်း ၂၉,၀၀၀ ကျော် ရှိခဲ့ကြောင်းလည်း ပြီးခဲ့တဲ့ စက်တင်ဘာက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Source: UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013