DVB Logo
Home
မြန်မာသတင်း
ဖာပွန်တွင် ဆုံးရှုံးထားသည့်စခန်းများ ပြန်ရရန် စစ်တပ်နဲ့ ပူးပေါင်းတပ်များ စစ်ကြောင်းထိုး
DVB
·
October 9, 2025
ဖာပွန်တွင် ဆုံးရှုံးထားသည့်စခန်းများ ပြန်ရရန် စစ်တပ်နဲ့ ပူးပေါင်းတပ်များ စစ်ကြောင်းထိုး
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်နဲ့အတူ DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်ကလည်း ဆုံးရှုံးထားတဲ့ ကတိုင်တိစခန်းကို ပြန်လည်ရယူဖို့ ဝါးဒူးကျေးရွာကနေ ထိုးစစ်ဆင်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “စစ်ကောင်စီ ပူးပေါင်းတပ် BGF ရယ်၊ DKBA ဗိုလ်ဘိ ပူးပေါင်းအဖွဲ့က သူတို့စုဖွဲ့ပြီး ကမမောင်းအထက်နားက ဝါးဒူးမှာ သူတို့လာပြီးတော့ အထိုင်ချတယ်။ ကတိုင်တိကို တက်ဖို့ ပြင်ဆင်တယ်။ အခုထက်ထိတော့ တက်မလာသေးဘူး။ သူတို့အစီအစဉ်တော့ ရှိတယ်။ ကတိုင်တိကိုတက်လာဖို့ နောက်ပြီး ကတိုင်တိက တဆင့် ဖာပွန်ဘက်ကို သူတို့တက်လာဖို့။ လက်လွတ်သွားရတဲ့ သူတို့စခန်းတွေရရှိဖို့ သူတို့ အစီအစဉ်ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်တယောက်က “ရွာတွေက ထွက်ပြေးကုန်ပြီ။ ရွာသားတွေက နီးစပ်ရာရွာတွေ ပြောင်းနေတယ်။ ဖာပွန်မှာ ဒေသခံတယောက်မှ မရှိတော့ဘူး။ ကမမောင်းတို့ မြိုင်ကြီးငူတွေမှာပဲ များတယ်။ လောလောဆယ် ဖာပွန်ဘက် အဆက်အသွယ်တွေ မရဘူး။ ကမမောင်းမြို့ကနေ အပေါ်ဘက် ၁ မိုင် ၂ မိုင်လောက်ပဲ သွားတယ်။ အဲဒီ(ကတိုင်တိ)အပေါ်ဘက်ကို သွားကို မသွားဘူး။ ခဏခဏ တိုက်ပွဲသံတွေကြားလို့ မသွားရဲဘူး။ ရွာအပြင်တောင် မထွက်ဘူး။ မြို့ထဲပဲသွားတယ်။ တောဘက် သိပ်မသွားဘူး။ တောမှာ ခြံတွေရှိတယ်။ သွားမကြည့်တော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ဖို့နဲ့ တပ်စခန်းတွေ ပြန်လည်ရယူဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်က လေ‌ကြောင်းကနေ ဖာပွန်မြို့နဲ့ အနီးအနားက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013