
လေကြောင်းနဲ့ ကုန်ပစ္စည်းတွေသယ်ယူတဲ့ Air Cargo လုပ်ငန်းသမားတွေကို ရန်ကုန်လေဆိပ်မှာ စိစစ်တင်းကျပ်နေပြီး အကောက်ခွန်က ငွေကောက်ခံတာများလို့ Cargo လုပ်ငန်းလုပ်တဲ့သူတွေ အခက်တွေ့နေရတယ်လို့ ကိုယ်တွေ့ကြုံရသူတချို့က DVB ကို ပြောပါတယ်။
အရင်က ဖမ်းဆီးစစ်ဆေးမှုတွေရှိနေပေမဲ့ ဒီလောက်မဆိုးဝါးဘဲ ဒီလပထမပတ်ကစလို့ ပိုစိစစ် တင်းကျပ်နေတာဖြစ်ပြီး ငွေကြေးတောင်းခံရာမှာလည်း ငွေဖြတ်ပိုင်းနဲ့ကို တောင်းခံနေတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတချို့က ပြောပါတယ်။
Air Cargo လုပ်ငန်းလုပ်သူတယောက်က “အရင်ကဆို ကျနော်တို့သွားတာ ၃ ယောက်ဆို၊ ဦးဆောင်တာ ကျနော်ဆို၊ ကျနော့်ပတ်စပို့ပဲ ပေးလိုက်။ ပစ္စည်းကြည့်၊ သူတို့ငွေတောင်း၊ ညှိ၊ ပြီးတာနဲ့ ပြီးသွားတာ။ အခုကျတော့ ပိုဆိုးလာတာ။ သွားတာ ၄ ယောက်ဆို ၄ ယောက်လုံးရဲ့ ပတ်စပို့တွေကို တောင်းတာ။ ပြီးတော့ ပါလာတဲ့ကုန်ပစ္စည်းအလိုက် သူတို့ဇယားမှာရှိတဲ့ အခွန်ရာခိုင်းနှုန်းအတိုင်း ပေးရတာ။ အလှကုန်ဆို ဘယ်လောက်ရာခိုင်နှုန်း၊ အဝတ်အထည်ဆို ဘယ်လောက်၊ အစားအသောက်ဆို ဘယ်လောက် ဆိုပြီးတောင်းတာ။ အဲဒီတော့ အရင်ကထက် ပေးရတာတွေက ပိုများလာတယ်” လို့ ပြောပါတယ်။
လူတယောက်ကို ပစ္စည်းတမျိုး နှစ်ခုပဲ အများဆုံးသယ်ယူခွင့်ပြုထားပြီး ရေကြောင်းနဲ့ ကုန်လမ်းကနေ ပစ္စည်းတွေသွင်းတာကို စစ်အာဏာရှင်က တင်းကျပ်ထားတာကြောင့် လေကြောင်းကနေ သယ်ယူတာကို အဓိကအားထားနေရချိန်မှာ အခုလို ကြပ်မတ်မှုတွေနဲ့ ကုန်သည်တွေ ထပ်မံကြုံတွေ့ရတာပါ။
လက်ရှိမှာ ပြတ်လပ်နေတဲ့ နိုင်ငံခြားငွေ သုံးစွဲမှုထိန်းချုပ်ဖို့နဲ့ ပြည်တွင်းစီးပွားရေး အခြေအနေတွေကြောင့် ပြည်ပသွင်းကုန်တချို့အပေါ် စစ်အာဏာရှင်က ကန့်သတ်ထိန်းချုပ် ပိတ်ပင်နေတာပါ။
လေကြောင်းနဲ့ တနိုင်တပိုင် ပစ္စည်းသယ်ယူပေးနေသူ အမျိုးသားတယောက်က “ဒီလိုမှမသွင်းရင် ဒီမှာ အကုန်ပစ္စည်းတွေ ပြတ်လပ်တော့မှာ။ ပြည်တွင်းထုတ်ကုန်ဆိုတာလည်း ကုန်ကြမ်းတချို့ကို နိုင်ငံခြားကနေ သွင်းမှရမှာ။ အဲဒါကို အခုလို အရမ်းတင်းကျပ်နေတော့ အဆင်ပြေမနေဘူး။ ဒီတခါဆို အခွန်ဆောင်းပြီးသား ဖြတ်ပိုင်းနဲ့မှ လေဆိပ်အပြင်ကိုပေးထွက်တာ။ ဒီတိုင်း ပိုက်ဆံပေးလိုက်လို့မရဘူး။ ပစ္စည်းအလိုက် အခွန်တွက်ပြီး ဖြတ်ပိုင်းနဲ့ ပေးလိုက်တာ။ အဲဒီဖြတ်ပိုင်းပါမှ ရမှာ” လို့ ပြောပါတယ်။
ရန်ကုန်လေဆိပ်တာဝန်ကျသူတချို့ကလည်း ကုန်ပစ္စည်းတွေကို အခုလို စိစစ်ပြီး ငွေကြေးကောက်ခံတာတွေအပြင် ပစ္စည်းတွေ သိမ်းယူလိုက်တာမျိုးလည်း ရှိနေပြီး၊ လုံခြုံရေးဂိတ်စောင့်တွေရဲ့ တောင်းရမ်းမှုတွေကလည်း ပိုဆိုးရွားနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်က ပြည်တွင်းထုတ်ကုန်စည်တွေကို ဦးစားပေးအစားထိုးသုံးစွဲစေဖို့ အခုလို ပြည်ပသွင်းကုန်တွေကို ကန့်သတ်ထိန်းချုပ်နေပေမဲ့ မြေပြင်ဈေးကွက်ထဲမှာတော့ ပြည်တွင်းထုတ်ကုန်တွေ အဆမတန်ဈေးတက်တာ၊ ရှားပါးတာအပြင် ပစ္စည်းအရည်အသွေး မကောင်းတာကြောင့် ပြည်သူတွေအနေနဲ့ ပြည်တွင်းထုတ်ကုန်တွေအပေါ် ယုံကြည်မှုကျဆင်း နေဆဲပဲလို့ ကုန်သည်တချို့က ပြောပါတယ်။
အခုလို ပြည်ပသွင်းကုန်တွေကို ကန့်သတ်ထိန်းချုပ်နေတဲ့ကြားက ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့ စစ်အာဏာရှင်ရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။











