DVB Logo
Home
မြန်မာသတင်း
AA ကို တရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ် သတ်မှတ်ရန် တောင်းဆိုမှု ရခိုင်ဒေသခံများ ထောက်ခံ
DVB
·
October 6, 2025
AA ကို တရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ် သတ်မှတ်ရန် တောင်းဆိုမှု ရခိုင်ဒေသခံများ ထောက်ခံ
Donate to DVB

အာရက္ခတပ်တော် (AA) ကို ရခိုင်ပြည်အတွက် တရားဝင်အုပ်ချုပ်ရေး အစိုးရအဖြစ် အသိအမှတ် ပြုပေးဖို့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုတဲ့အပေါ် ရခိုင်ဒေသခံတွေကလည်း ထောက်ခံ ပြောဆိုနေကြပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကို ရခိုင်ပြည်အတွက် တရားဝင် အုပ်ချုပ်ရေးအစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ ပြည်တွင်း၊ ပြည်ပ ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၂၀၂ ဖွဲ့က ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံအမတ်ကြီးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်မှာ အိတ်ဖွင့်စာ ပေးပို့ထားတာပါ။

အဲဒီ အရပ်ဘက်အဖွဲ့အစည်းတွေထဲက တဖွဲ့ဖြစ်တဲ့ Arakan American Community (AAC) ရဲ့ ဥက္ကဋ္ဌ ဦးစောဝေဇံက ရခိုင်ပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအကျပ်အတည်း၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမှုဘဝ ပျက်စီးမှုတွေအပေါ် နိုင်ငံတကာက တိုးမြှင့်စွာ သတိထားကြည့်ဖို့နဲ့ လက်ရှိမှာလည်း ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစပြီး AA ဟာ ရခိုင်ပြည်အတွင်း မြို့နယ်အများစုကို ထိန်းချုပ်နိုင်လာတဲ့အတွက် အဲဒီအခြေအနေကို နိုင်ငံတကာ အသိအမှတ်ပြုပေးဖို့ လိုအပ်လာတာကြောင့် ခုလို တောင်းဆိုရတာပါလို့ ဆိုပါတယ်။

“ULA/AA ဟာ လက်တွေ့အခြေအနေအရ နယ်မြေထိန်းချုပ်မှုရှိတယ်၊ ပြည်သူအခြေပြု အုပ်ချုပ်ရေးစနစ် တည်ဆောက်ထားတယ်၊ တရားရေး၊ စည်းမျဉ်းဥပဒေ၊ လူမှုဖွံ့ဖြိုးရေးစနစ်တွေ လည်ပတ်နေတယ်၊ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ အသိအမှတ်မပြုသေးတာကြောင့် နိုင်ငံတကာ အကူအညီတွေ၊ လူသားချင်းစာနာရေး အကူအညီတွေကို တိုက်ရိုက်ရရှိဖို့ အခက်အခဲရှိနေတယ်။ ဒါကြောင့် တရားဝင်အသိအမှတ်ပြုခြင်းဟာ ပြည်သူတွေအတွက် အသုံးဝင်ပြီး တည်ငြိမ်မှုအတွက် အခြေခံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီအရေးဟာ ရခိုင်ပြည်သူအတွက်သာမက မြန်မာပြည် တနိုင်ငံလုံးအတွက် တည်ငြိမ်ရေး အရေးကြီးတယ်။ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုပေးခြင်းက တိုက်ပွဲသိမ်းဆည်းရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အခြေခံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတကာကလည်း မျက်စိဖွင့်ကြည့်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိစွာ တုံ့ပြန်ဖို့ တောင်းဆိုချင်ပါတယ်။”

ULA/AA ကို တရားဝင်အုပ်ချုပ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြုတာဟာ ရခိုင်ပြည်သူတွေအတွက် တည်ငြိမ်မှု၊ ဥပဒေအောက်မှာ လူ့ဘောင်အသိအမှတ်ပြုခံရမှုနဲ့ လူသားချင်းစာနာမှု စတဲ့ အကူအညီတွေ တိုက်ရိုက်ရရှိမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ အတွက်လည်း တည်ငြိမ်တဲ့ နယ်နိမိတ်၊ မတရားရွှေ့ပြောင်းခံရမှု လျော့နည်းတာနဲ့ တည်ငြိမ်တဲ့ စီးပွားရေးညှိနှိုင်းမှုတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း သူက ဆက်ပြောပါတယ်။

အဲဒီလိုပဲ AA ထိန်းချုပ်တဲ့ ဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေကလည်း စစ်ကောင်စီရဲ့ လက်အောက်ကို ပြန်မသွားချင်တဲ့အပြင် ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရကို ကမ္ဘာက အသိအမှတ်ပြုဖို့ လိုလားပါတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မောင်တောဒေသခံတယောက်က “‌ဒေသတခုလုံးကို အုပ်ချုပ်ထားပြီး၊ စိုးမိုးထားပြီးတော့မှ အုပ်ချုပ်‌ရေးယန္တရားတွေလည်း လည်ပတ်နေတဲ့ နယ်မြေတခုကို လောလောဆယ် အုပ်ချုပ်ထားတဲ့ စိုးမိုးထားတဲ့ ULA/AA ကို အစိုးရအဖြစ် သတ်မှတ်ပေးရမှာက ဖြစ်သင့်တဲ့ကိစ္စပါ။ လက်ရှိ ကျနော်တို့ ရခိုင်ဒေသက ULA/AA က အုပ်ချုပ်‌ရေးယန္တရားတွေလည်း ဖော်ဆောင်နေပြီ၊ အောင်လည်းအောင်မြင်နေပြီ။ အဲဒီဒေသက ဒေသခံပြည်သူလူထုတွေ၊ တခြားဒေသမှာနေတဲ့ လူမျိုးစုတွေ အကုန်လုံးနဲ့လည်း ULA/AA က သဟဇာတဖြစ်နေပါပြီ။ ULA/AA ရဲ့ အုပ်ချုပ်မှု တရားစီရင်မှုတွေကိုလည်း ရခိုင်တွေအပြင် အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ တခြားလူမျိုးစုတွေ အကုန်လုံးကလည်း လက်ခံနေကြပါပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် ULA/AA ကို တရားဝင်အုပ်ချုပ်ရေးအစိုးရ ဖြစ်နိုင်ဖို့အတွက် နိုင်ငံတကာသံရုံးတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ မီဒီယာတွေကို နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေလည်း ပေးပို့သွားမှာဖြစ်ပြီးတော့ ရခိုင်ပြည်သူအတွက် တာဝန်ရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ပွင့်လင်းမြင်သာတဲ့ ကမ်ပိန်းတွေလည်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီအိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီ (UNHCR)၊ UNICEF၊ WFP စတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ EU၊ ASEAN၊ OIC၊ အမေရိကန်ပြည်ထောင်စု၊  ဗြိတိန်နဲ့ တခြား အကြီးအကဲနိုင်ငံတွေရှိ သံတမန်တွေကိုပါ ဦးတည်ပေးပို့ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ULA/AA အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို အလုံးစုံ သိမ်းပိုက်ရရှိပြီးတော့ မြို့နယ် ၃ ခုသာ ကျန်ရှိပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013