
မြန်မာနိုင်ငံအနေနဲ့ နှစ်စဥ်ပြည်ပကနေ စားအုန်းဆီတွေကို တင်သွင်းရလေ့ရှိပြီး နိုင်ငံခြားငွေတွေကို သုံးစွဲရတာကြောင့် စားသုံးဆီကို လိုအပ်တာထက် ပိုမစားဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် က ပြောပါတယ်။
ဇူလိုင် ၂၁ ရက်က စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ လုပ်တဲ့ ရန်ကုန်နဲ့ ပဲခူးက တိုင်းခရိုင်၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။
စစ်အာဏာရှင်မင်းအောင်လှိုင်က မိမိတို့နိုင်ငံမှာ ဆီထွက်သီးနှံတွေ စိုက်ပျိုးဖြစ်ထွန်းနေပေမဲ့ ပြည်တွင်း တယောက်ချင်း ဆီစားသုံးမှုနှုန်း များပြားနေကြောင်း၊ ဒါကြောင့် ဆီစားသုံးမှုကို လျှော့ချသွားဖို့ လိုပြီး ဆီကို လိုအပ်တာထက် ပိုစားသုံးပါက လူတယောက်ချင်းစီရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆန်နဲ့ စားသုံးဆီအပါအဝင် အခြေခံကုန်ပစ္စည်းတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း မရှိတဲ့ အတွက် ပြည်သူတွေမှာ ဝင်ငွေနဲ့ထွက်ငွေ မမျှတလို့ စားသုံးဆီသာမက အကုန်လုံးကို ချွေတာ နေရကြောင်း ရန်ကုန်မြို့ခံ တယောက်က DVB ကိုပြောပါတယ်။
“အာဏာသိမ်းပြီး ပြည်သူတွေက စားသုံးဆီတခုတည်း မဟုတ်ဘူး၊ အကုန်လုံးလျှော့စားနေရတာ အိမ်မှာ ၄ ယောက်ရှိရင် ၄ ယောက်လုံး အလုပ်ထွက်လုပ်မှ ဝမ်းဝတဲ့အနေအထား၊ တရက် ကျပ် ၃၀,၀၀၀ ဝင်ရင် အိမ်စရိတ်က ကျပ် ၄၀,၀၀၀ ကုန်တယ်။ တချို့ မနက်နဲ့ည ပေါင်းစားရတဲ့သူတွေ တပုံကြီး။”
စားအုန်းဆီဈေးကွက်မှာ လက်ရှိ အခြေအနေအထိ တည်ငြိမ်ခြင်း မရှိဘဲ စစ်အုပ်စုက ဆီစာအုပ်နဲ့ တယောက်ကို ၅၀ သားနှုန်းနဲ့ ၇ ရက် တခါ ထုတ်ပေးနေရာမှ ၁၅ ရက် တခါပြောင်းလိုက်တယ်လို့ ဆီထုတ်နေသူ တယောက်က ပြောပါတယ်။
“ဆီဈေးမငြိမ် မရှိလို့ ရပ်ကွက်ထဲ ဆီ ၅၀ သားကို ဆီစာအုပ်ထုတ်တော့လည်း ၇ ရက် တခါ ပေးရာနေ ၁၅ ရက် တခါပဲ ပေးတော့တယ်။ အရင်က တလ ၂ ပိဿာ အခု တလ တပိဿာပဲ ပေးတော့တယ်။”
ရန်ကုန် စားအုံးဆီဈေးကွက်မှာ ပြင်ပပေါက်ဈေး တပိဿာကို ကျပ် ၁,၉၀၀၀ ကနေ ၂၀,၀၀၀ အထိ ရှိပြီး စားအုန်းဆီဈေးကွက်တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်ပေးသွားမယ်လို့ ဇူလိုင် ၁၁ ရက်က စစ်အာဏာရှင်ရဲ့ ပြောဆိုခွင့်ရှိသူက ဝန်ခံပြောဆိုထားပါတယ်။











