DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင် ပြည်သူ့စစ်က ၁၅ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်၊ ရဲစခန်းက အမှုမဖွင့်ပေး
DVB
·
October 6, 2025
ကန်ကြီးထောင့်တွင် ပြည်သူ့စစ်က ၁၅ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်၊ ရဲစခန်းက အမှုမဖွင့်ပေး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို ရဲစခန်းမှာ ၅ ကြိမ်ထက်မနည်း တိုင်ကြားပေမဲ့ ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူမပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အဓမ္မပြုကျင့်သူမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကျေးရွာက ဟိန်းမင်းသူ (ခ) ကုလားလေး ဆိုသူဖြစ်ပြီး ရွာသစ်ကျေးရွာနေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က ကျေးရွာဘုန်းတော်ကြီးရဲ့ဘေး၊ စာသင်ကျောင်းအိမ်သာအတွင်း ခေါ်သွင်းကာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

အမှုဖြစ်ပွားပြီးနောက် ၅ ကြိမ်ထက်မနည်း ရဲစခန်းတိုင်ပေမဲ့ အောက်တိုဘာ ၆ ရက်အထိ အမှုမဖွင့်ပေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိသူတယောက်က “အဓမ္မပြုကျင့်ခံရတဲ့ ကောင်မလေးက စိတ်သိပ်မမှန်ဘူး၊ ရူးနေတာတော့ မဟုတ်ပါဘူး၊ (ကျပ်မပြည့်) တာပေါ့နော်။ အကုန်သိတယ်။ မိသားစုနဲ့ အရပ်က မျက်မြင်သက်သေတွေနဲ့အတူ ရဲစခန်းတိုင်တာ။ ရဲစခန်းက အရေးမယူတာ” လို့ ပြောပါတယ်။

မိသားစုနဲ့ ရပ်ရွာထဲ အသိသက်သေတွေက စုပေါင်းပြီး ကန်ကြီးထောင့်မြို့နယ် ရဲစခန်းကို ဇူလိုင်လထဲမှာ ၂ ကြိမ်၊ သြဂုတ်လထဲမှာ ၂ ကြိမ်၊ စက်တင်ဘာလထဲမှာ ၁ ကြိမ် တိုင်ကြားပေမဲ့ ရဲစခန်းအာဏာပိုင်တွေက ကျူးလွန်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို အရေးမယူပေးဘူးလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “မုဒိမ်းလည်း အကျင့်ခံရသေးတယ်၊ နစ်နာသူတွေဘက်က ရဲစခန်းကို အားကိုးတိုင်တယ်။ ရဲစခန်းက အရေးယူမရဘူးလို့ သွားတိုင်တဲ့အခါတိုင်း ပြောပြန်လွှတ်တာ။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးမိသားစုက နွမ်းပါးတယ်” လို့ ပြောပါတယ်။

အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဟိန်းမင်းသူ (ခ) ကုလားလေးဟာ တခြားအမျိုးသမီးတချို့ကိုလည်း အခုလို ကျူးလွန်ခဲ့ဖူးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး မင်းအောင်နဲ့ အဆင်ပြေသူဖြစ်တာကြောင့် သတင်းဖုံးပြီး အရေးယူတာ မလုပ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်အဖွဲ့ဝင် ဟိန်းမင်းသူ (ခ) ကုလားလေးရဲ့ဖခင် ရဲလေးကလည်း စစ်ကောင်စီတပ်နဲ့ ရင်းနှီးသူဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013