
ဧဝရတ်တောင်၊ တိဘက်တောင်စောင်းဘက်ခြမ်းမှာ နှင်းမုန်တိုင်းကြောင့် တောင်တက်သမား ရာနဲ့ချီ ပိတ်မိနေပါတယ်။
လက်ရှိအချိန်မှာ လူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး ပိတ်မိနေသူအားလုံးနဲ့ အဆက်အသွယ်ရထားပြီလို့ တရုတ်အစိုးရမီဒီယာက ဖော်ပြပါတယ်။
တောင်တက်သမား ၃၅၀ လောက်ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရွှေရောင်သီတင်းပတ်လို့ခေါ်တဲ့ ၈ ရက်ကြာ အမျိုးသားအားလပ်ရက်အစ ခရီးသွားတွေ အများအပြား ရောက်ရှိနေချိန် နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တာပါ။
အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နေရာဟာ ဧဝရတ်တောင်ရဲ့ အရှေ့ဘက်မျက်နှာစာကို ဦးတည်နေတဲ့ Karma တောင်ကြားဒေသဖြစ်ပြီး တောင်တက်ခရီးသွားတွေကြား ရေပန်းစားတဲ့နေရာတခု ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ပုံတွေအရ ဒီအချိန်မှာ မကျစဘူး ထူးထူးခြားခြား နှင်းထူထပ်စွာ ကျဆင်းခဲ့ပြီး တဲတွေပါ နှင်းဖုံးနေတာကို တွေ့ရပါတယ်။
ပိတ်ဆို့နေတဲ့ လမ်းတွေကို ရှင်းလင်းဖို့အတွက် ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ရာချီပြီး လှုပ်ရှားနေကြပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၉၀၀ (ပေ ၁၆,၀၀၀) ကျော်မှာ တည်ရှိတဲ့ အဲဒီနေရာကို ဝင်ရောက်ခွင့်နဲ့ လက်မှတ်ရောင်းချတာတွေကို စနေနေ့ကတည်းက ယာယီရပ်ဆိုင်းထားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာထားပါတယ်။
Source: Reuters










