ဟိမဝန္တာတောင်တန်းဒေသမှာ အရင်သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြောင့် တရုတ်နိုင်ငံ တိဘက်ဒေသမှာ သေဆုံးကြောင်း အတည်ပြုနိုင်သူ ၂၁ ယောက်ထိ မြင့်တက်လာပြီး နောက်ထပ် ၅၄၁ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက စက်တင်ဘာ ၂ ရက်မှာ ဖော်ပြပါတယ်။
သက်ဆိုင်ရာက ကယ်ဆယ်ရေးဝန်ထမ်း ၂,၃၀၀ ကျော် စေလွှတ်ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတာကို စက်တင်ဘာ ၃ ရက်က တရုတ် ဗဟိုရုပ်မြင်သံကြား (CCTV) မှာ ပြသခဲ့ပါတယ်။
အိမ်နီးချင်း နီပေါနိုင်ငံမှာလည်း ဟိမဝန္တာတောင်တန်းပေါ်ရှိ ရေခဲမြစ် ပြိုကျမှုကြောင့် တောင်ပေါ်ဒေသအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ သီတင်းတပတ်အကြာမှာ လူ ၁,၂၀၀ ထက်မနည်း သေဆုံးပြီး ၄,၀၀၀ နီးပါး ပျောက်ဆုံးနေပါတယ်။
ဒီဖြစ်စဉ်ကြောင့် နီပေါနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတချို့မှာ ငလျင်တိုင်းတာရေး ကိရိယာတွေ၊ ကင်မရာတွေနဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်တွေကို တပ်ဆင်ပြီး မြေပြိုမှု ကြိုတင်သတိပေးစနစ်ကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း နီပေါအစိုးရ သတင်းရင်းမြစ် နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီကိရိယာတွေ တပ်ဆင်မဲ့ နယ်စပ်ဒေသဟာ တိဘက်ဒေသနဲ့ ထိစပ်နေပြီး ခတ္တမန္ဒူ၊ ပေကျင်းနဲ့ နယူးဒေလီ အစိုးရတို့က အနီးကပ်စောင့်ကြည့်နေတဲ့ အလွန် ထိလွယ်ရှလွယ်ရှိတဲ့ မြင့်မားတဲ့ တောင်တန်းဒေသ ဖြစ်ပါတယ်။
Source: Reuters











