DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းတွင် ပိတ်မိနေသည့် ထိုင်း ၁၆ ဦးကို ကယ်တင် 
DVB
·
October 6, 2025
မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းတွင် ပိတ်မိနေသည့် ထိုင်း ၁၆ ဦးကို ကယ်တင် 
Donate to DVB

မြန်မာဘက်ခြမ်း မြဝတီမြို့နယ်ရှိ ကာစီနိုရုံတွေမှာ လိမ်လည်ခံရပြီး ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆ ယောက်ကို တာ့ခ်ခရိုင်ရှိ ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ပြီလို့  အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၆ ယောက်တို့ပါဝင်ပြီး သူတို့တွေဟာ ဆိုရှယ်မီဒီယာက ကြော်ငြာချက်တွေအရ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ပြီးခဲ့တဲ့စက်တင်ဘာကတည်းက  တဘက်နိုင်ငံကို လှည့်ဖြားခေါ်ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။

လုပ်ငန်းခွင်ရောက်တော့ ပြောထားတဲ့အလုပ်နဲ့  မကိုက်ညီတဲ့အတွက် ထိုင်းကို ပြန်လာချင်ကြောင်း အကူအညီတောင်းခဲ့ကြတယ်။  ရာ့ချ်မနူးစစ်ကြောင်းကလည်း တဘက်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ဒီကနေ့ မနက်မှာ သူတို့အားလုံးကို ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီလို့  သတင်းမှာ ဖော်ပြပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး  Fair Party လွှတ်တော်အမတ် ကန်နဝီ ဆိပ်ဆဲန်ကလည်း - ထိုင်းနိုင်ငံသား ၁၆ ယောက် မြဝတီမြို့နယ် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်က ကျားဖြန့်ဂိုဏ်းမှာ အလိမ်ခံရပြီး ပိတ်မိနေကြောင်း လူကုန်ကူးမှုရဲ့သားကောင်များကူညီစောင့်ရှောက်ရေးအဖွဲ့ နန်းဆောင် ကရစ်သီယာက အကြောင်းကြားတာကြောင့် အောက်တိုဘာ ၄ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းထံ စာပို့ပြီး သူတို့တွေ လွတ်မြောက်လာအောင် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့  The Reporters သတင်းဌာနကို ပြောပါတယ်။ 

ဝန်ကြီးချုပ်ကလည်း သူတို့ကို အမြန်ဆုံးကယ်တင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ညွှန်ကြားခဲ့တယ်၊ အောက်တိုဘာ ၅ ရက် ည ၇ နာရီမှာပဲ နစ်နာသူတွေဘက်က လွတ်မြောက်ပြီဖြစ်ကြောင်း၊ ထိုင်းကိုပြန်ဖို့ပဲ ကျန်တော့ကြောင်း အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်က အလိမ်ခံရသူတွေထဲက ၂ ယောက်ဟာ အွန်လိုင်းပလက်ဖောင်းအလုပ်ကြော်ငြာ အပလီကေးရှင်းတစ်ခုကနေ ခရစ်ပ်တိုငွေကြေးစီမံမှုဆိုင်ရာအလုပ်ရဖို့ လျှောက်ထားခဲ့တယ်။ အဆိုပါကုမ္ပဏီဟာ ဥပဒေနဲ့အညီ တည်ထောင်ထားလို့ ယုံကြည်ခဲ့တယ်။ အဲဒီနောက် စက်တင်ဘာ ၁၂  ရက်နေ့က ပရကျူုပ်ခီရခန်ခရိုင် ဟွာဟင်မြို့ကနေ ဘန်ကောက် - ဘန်ကောက်ကနေ ဘတ်စ်ကားစီးပြီး မဲဆောက် ရောက်လာတယ်၊ မဲဆောက်မှာ ကလေးတဖက်နဲ့ အမျိုးသမီးတယောက်က လာကြိုတာကြောင့် သံသယမရှိဘဲ လိုက်ခဲ့တယ်၊ ရေချောင်းကူးဖြတ်ပြီးကာမှ မြန်မာပြည် ရောက်သွားတယ်ဆိုတာ သိရတယ်။ အဲဒီမှာ လုပ်ရတဲ့အလုပ်က စကဲင်မာ (ကျားဖြန့်) အလုပ်ဖြစ်တာကြောင့် ဆက်မလုပ်လိုတော့ဘဲ ပြန်ပို့ဖို့ ပြောတယ်။ သူတို့က ပြန်မပို့ဘဲ လူစားထိုး နောက်ထပ် ၁၀ ယောက်ရှာခိုင်းတယ်၊ ရှာနိုင်ရင် တယောက် ဘတ် ၁၀၀၀၀ ပေးမယ်လို့ ပြောတယ်။ အဲဒီနေရာမှာ ပိတ်မိနေတဲ့ နောက်ထပ် ထိုင်းနိုင်ငံသား ၁၅ ယောက်လောက်ရှိသေးတယ်လို့ ဆို ပါတယ်။ 

ထိုင်းတာဝန်ရှိသူတွေက မြဝတီဘက်ခြမ်းက BGF နယ်ခြားစောင့်တပ်ဆီ ဆက်သွယ်အကူအညီတောင်းခဲ့တယ်။ BGF က သူတို့  ၁၆ ယောက်ကို ကယ်တင်ပြီး ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းထံ လွှဲပြောင်းပေးအပ်ခဲ့တယ်။

ထိုင်းစစ်တပ်ကလည်း မဲဆောက်မြို့ နယ်ရဲတပ်ဖွဲ့ထံ ဆက်လက်အပ်နှံပြီး (National Referral Mechanism - NRM) စနစ်နဲ့ လူကုန်ကူးခံရတဲ့ သားကောင် အမှန်တကယ် ဖြစ်၊ မဖြစ် စစ်ဆေးကာ နေရပ်ကို ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source : MGROnline / The Reporters / AEC Thai

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013