
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ သောင်ရင်းမြစ်ကမ်းဘေးမှာ မြန်မာဘက်ခြမ်း မြဝတီ ကျားဖြန့်ဂိုဏ်းဘက်ကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၂၁ ယောက် ထိုင်းအာဏာပိုင် တွေရဲ့ ဖမ်းဆီးခံရတယ်လို့ Transborder ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၃ ရက် မနက် ၆ နာရီခွဲလောက်က မဲဆောက်မြို့၊ မယ့်ကာဆာအုပ်စု အုပ်ချုပ်ရေးမှူး၊ မဲဆောက်မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေဟာ မဲဆောက်မြို့နယ်၊ မယ့်ကာဆာအုပ်စု နယ်မြေ ၁၀ ဘန့်မိုင်ရိမ်းမွေးကျေးရွာရှိ သောင်ရင်းမြစ်ကမ်း နံဘေးနား တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၂၁ ယောက်ကို သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ နိုင်ငံခြားသား ၂၁ ယောက်ထဲမှာ ဖိလစ်ပိုင်တယောက်၊ အင်ဒိုနီးရှား ၅ ယောက်၊ ယူဂန္ဓာ တယောက်နဲ့ ကင်ညာနိုင်ငံသား ၁၄ ယောက်တို့ ပါဝင်တယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ ၂၁ ယောက်လုံးဟာ မြန်မာဘက်ခြမ်း မြဝတီမြို့နယ်ရှိ စကင်မာ (ကျားဖြန့်) အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကနေ ထွက်ပြေးလာတာလို့ ထွက်ဆိုကြပါတယ်။
သူတို့ဆီမှာ ဥပဒေနဲ့ဆန့်ကျင်တဲ့ ပစ္စည်းတစုံတရာ ရှာဖွေတွေ့ရှိခြင်းမရှိဘူး၊ ဒါပေမဲ့ ၄ ယောက် ကတော့ ခန္ဓာကိုယ်မှာ လျှပ်စစ်နဲ့ ရှော့တိုက်ခံရတာ၊ မာကျောတဲ့ အရာဝတ္ထုနဲ့ ရိုက်နှက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရှိတယ်၊ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိတယ်။
ပဏာမ စစ်ဆေးမေးမြန်းမှုတွေ ပြီးဆုံးသွားရင် တရားဥပဒေအရ လိုအပ်သလို ဆက်လက် အရေးယူဖို့ သူတို့ ၂၁ ယောက်လုံးကို မဲဆောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ အပ်နှံသွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။
Source: Transborder News / North Now











