
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာ ပိုဆိုးရွားလာနေပြီး တပ်သားသစ် လူကုန်ကူးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
မြဝတီမြို့ရဲ့ လူစည်ကားတဲ့နေရာတွေ၊ လမ်းဆုံလမ်းခွတွေမှာ ဆိုင်ကယ်တွေနဲ့ လမ်းသွားလမ်းလ ာလူငယ်တွေကို နေ့ရောညပါ တားဆီးပြီး စစ်တပ်က ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
မြဝတီမြို့သားတယောက်က “လက်ရှိ မြဝတီရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် အဆိုးဆုံးကတော့ စစ်မှုမထမ်းမနေရဥပဒေနဲ့ ဖမ်းဆီးပြီးတော့မှ အဓမ္မတပ်သားသစ် စုဆောင်းနေတာက အကြီးမားဆုံး ထိုးနှက်မှုတခုပါ။ ပြည်သူတွေ ဘယ်သူမှ ငြိမ်းချမ်းမှု မရှိဘူး။ ဒီကြားထဲ ဘာလုပ်လဲဆိုလို့ရှိရင် စစ်မှုထမ်းအကြောင်းပြပြီးတော့မှ လူကုန်ကူးတယ်။ လူငယ်တွေကို ဖမ်းတယ်။ ပိုက်ဆံပေးနိုင်ရင် ပြန်လွှတ်ပေးတယ်။ စစ်တပ်နဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ကြီးတွေက စစ်မှုထမ်းပေါ်တာ ခေါင်းစဉ်ပြပြီး စီးပွားရေးပုံစံ လုပ်စားနေတဲ့အခါကျတော့ အဆိုးတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်” လို့ ပြောပါတယ်။
မကြာခင်ကပဲ မြဝတီမြို့ဆေးရုံကြီးထဲအထိ ဝင်ပြီး ပေါ်တာဆွဲခဲ့လို့ လူနာစောင့်အမျိုးသား ၅ ယောက် ပါသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းမိသူတွေကို စစ်တပ်ထဲမထည့်အောင် ငွေပေးရွေးရတာမျိုးလည်းရှိပြီး အခုလို ပေါ်တာ အဖမ်းကြမ်းနေတာကြောင့် အရင်က စည်ကားနေခဲ့တဲ့ မြဝတီမြို့ဟာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြဝတီမြို့သားနောက်တယောက်ကက “လူငယ်တွေဆို ကိုယ့်အလုပ်ကိစ္စရှိလို့ အလုပ်နောက်ကျတာတွေ တယောက်တည်း မသွားရဲတာတွေတောင် ဖြစ်လာတယ်။ လူငယ်တွေကို မတရားသဖြင့် ခေါင်းစဉ်တွေတပ်ပြီး ဖမ်းဆီး ပြန်ပေးဆွဲ ရောင်းစားနေတာတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပါတယ်။ စွမ်းအားရှင်တွေ ပါတယ်။ သတင်းပေး ဒလန်လုပ်နေကြတဲ့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါ ပါတယ်လို့ သိရတယ်။ မြဝတီဖြစ်နေတာက ကြောက်စရာပါ။ အနယ်နယ်အရပ်ရပ်ကနေ စစ်ဘေးရှောင် ရောက်လာတဲ့ လူငယ်တွေရှိတယ်။ စစ်ဘေးရှောင် လူငယ်လူကြီး အကုန်ဖမ်းပြီးတော့ ပစ ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်ဝင်၊ မဝင်ဝင် အကုန်လုံးကို ဝါးလုံးသိမ်းဖမ်းပြီးတော့ ရှေ့တန်းတွေကို ပို့နေတယ်” လို့ ပြောပါတယ်။
အခုလို မြဝတီမြို့သာမက မြန်မာတပြည်လုံးမှာ ပေါ်တာအဆွဲကြမ်းပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာကြောင့် မြန်မာလူငယ်တွေဟာ ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ထွက်လာနေကြပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အခု မြဝတီနဲ့ မြန်မာနိုင်ငံ တနံတလျားမှာ ပေါ်တာတွေဆွဲနေတယ်။ ပြောမယ်ဆိုရင် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေတင် မဟုတ်ဘူး။ အသက် ၄၀၊ ၅၀ တွေကိုပါ ဆွဲတယ်။ နောက်ဆုံးမှာ တပ်ထဲမှာ ကင်းစောင့်ခိုင်းတယ်။ ထမင်းချက်ခိုင်းတယ်။ ငွေပေးရွေးမှသာ အသက်ကြီးပိုင်းကို ပြန်လွှတ်ပေးတယ်။ လူငယ်ပိုင်းကတော့ ဘာပေးပေး မလွတ်ဘူး။ အဲဒီတော့ အင်မတန် ဆိုးရွားပြင်းထန် ရက်စက်လွန်းလှတဲ့ ဒီ စစ်မှုထမ်းဥပဒေကြီးအောက်မှာ ကိုယ်ဆက်ပြီးနေမလား၊ ပြည်ပကို ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ ထွက်ခွာပြီးတော့ ကိုယ့်အတွက်ကော ကိုယ့်မိသားစုအတွက်ကော လုပ်ကြမလား။ လေးလေးနက်နက် စဉ်းစားကြပေါ့ဗျာ။ နောက်တခုက ထိုင်းအကျဉ်းထောင် အသီးသီးကလွတ်မြောက်တဲ့ သူတွေကိုလည်း စစ်မှုထမ်းခိုင်းတယ်။ မြဝတီမှာလည်း ဆေးထုပ်တွေပစ်၊ အရက်ပုန်းတွေပစ်ပြီးတော့ ဖမ်းတယ်။ ဒါတွေကတော့ ညစ်နည်းမျိုးစုံနဲ့ ဖမ်းတာပေါ့ဗျာ။ စစ်မှုထမ်းဥပဒေအောက်ကို ညစ်နည်းမျိုးစုံနဲ့ သွတ်သွင်းနေတာဖြစ်တယ်” လို့ ပြောပါတယ်။
မြဝတီမြို့ကနေ တလကို စစ်သားသစ် အယောက် ၈၀ ဖမ်းပေးဖို့ ညွှန်ကြားထားကြောင်းလည်း သိရပြီး ထိုင်းရောက်မြန်မာလူငယ်တွေ မြဝတီကိုဖြတ်ပြီး မြန်မာပြည်မပြန်ကြဖို့လည်း မြဝတီမြို့ခံတွေက ပြောဆိုနေကြပါတယ်။










