
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အမြန်လမ်းလုံခြုံရေး ရဲတပ်သား ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၃၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုငါးပိ က “လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူက ရဲတပ်သား ကျော်ခိုင်ဖြစ်ပါတယ်။ သူနဲ့သူ့မိသားစု လုံခြုံရေး အခြေအနေတွေကြောင့်မို့လို့ သတင်းထုတ်ပြန်ဖို့ နောက်ကျခဲ့ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရဲတပ်သား ကျော်ခိုင် ဟာ စက်တင်ဘာ ၂၃ ရက်နေ့က BA94 (MA-13) သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်အတောင့် ၃၈၀ တို့နဲ့အတူအလင်းဝင်ရောက်လာတာဖြစ်လို့ ဆုကြေးငွေ သိန်း ၅၀ ပေးအပ်ထားတယ်လို့လည်း ဆိုပါတယ်။
အလင်းဝင်လာတဲ့ ရဲတပ်သား ကိုကျော်ခိုင် ဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ရှမ်းပြည်နယ်က လို့ သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၁ နှစ်လောက်က အလုပ်သွားရင်း ပေါ်တာဆွဲခံရပြီးနောက် တောင်ငူ အမှတ် ၁၁ ရဲတပ်ရင်းကို ရောက်ခဲ့တယ်လို့ ကိုကျော်ခိုင်က ပြောပါတယ်။
“အဲဒီကနေ နေပြည်တော် အကျဉ်းထောင်နားက အမြန်လမ်း လုံခြုံရေးရဲဂိတ်ကိုရောက်တာ မကြာသေးဘူး။ ငါးပြေမတပ်ဖွဲ့နဲ့ကြိုတင်ချိတ်ဆက်ထားတာမရှိဘဲနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့လောက်မှာ ကျနော်တာဝန်ကျနေတဲ့ အဲဒီအမြန်လမ်းဂိတ်ကနေ လက်နက်ယူပြီးတော့ အရဲစွန့်ပြီးထွက်ပြေးလာခဲ့ရင်း ၂၀ ရက်ကျော်မှ ဒီတပ်ဖွဲ့နဲ့ချိတ်ဆက်မိပြီး ကျနော်ရောက်နေတဲ့နေရာကို ဒီက ရဲဘော်လေးတွေလာခေါ်ပေးကြတာပါ။ ဒီတပ်ဖွဲ့ထဲမှာပဲရဲဘော်တွေနဲ့အတူ စစ်တပ်ကိုပြန်တိုက်ဖို့ ရည်မှန်းထားပါတယ်။ အစစအရာရာလည်း အားလုံးအဆင်ပြေပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်မှာ ကျန်ရှိနေခဲ့ကြသူတွေအနေနဲ့လည်း အမြင်မှန်ရရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးပူးပေါင်းကြဖို့တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ငါးပြေမပြောက်ကျားတပ်ဖွဲ့ စတင်ဖွဲ့စည်းတဲ့ ၄ နှစ်ကျော်ကြာကာလအတွင်း အခုအလင်းဝင်လာတဲ့ ရဲတပ်သား ကိုကျော်ခိုင် ဟာ ပထမဆုံးဖြစ်ပြီး ထပ်မံအလင်းဝင်လိုသူတွေကိုလည်း နွေးထွေးစွာကြိုဆိုသွားမှာဖြစ်တယ်လို့လည်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။










