
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို ဇွန် ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲချခဲ့တာကြောင့် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “နတ်မောက်အရှေ့ခြမ်းမှာရှိတဲ့ သမုန်းကုန်းရွာကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေကြဲသွားပြီးတော့ စက်သေနတ်တွေနဲ့ပါပစ်ခတ်သွားတာပါ။ ၈ နှစ်နဲ့ ၁၂ နှစ်အရွယ်ကလေးငယ် ၂ ယောက်အပါအဝင် ၅ ယောက်ကတော့ နေရာမှာတင်ဆုံးသွားပါတယ်။ ၃ ယောက်လည်း အပြင်းအထန်ဒဏ်ရာရလို့ အရေးပေါ်ဆေးကုနေရပါတယ်။ ရွာထဲကို တည့်တည့်ချတာဆိုတော့ ပျက်စီးသွားတဲ့အိမ်က ၁၀ လုံးထက်မနည်းပါဘူး” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တအိမ်တည်းနေမိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၈ နှစ်အရွယ် မောင်ညီဘုန်းခန့်၊ အသက် ၁၂ နှစ် အရွယ် မောင်အောင်ဘုန်းခန့် နဲ့ သူတို့ရဲ့မိခင် အသက် ၃၃ နှစ်အရွယ် ဒေါ်သန်းသန်းမော် တို့အပါအဝင် အသက် ၃၉ နှစ်အရွယ် ဦးချစ်ဦး နဲ့ အသက် ၆၉ နှစ်အရွယ် ဒေါ်ရီ တို့လည်း နေရာမှာတင်သေဆုံးခဲ့ကြရပြီး ကလေးငယ် ၁ ယောက်၊ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ရဲ့ဂျက်ဖိုက်တာ ၂ စင်းဟာ ပေါင် ၅၀၀ ဗုံး ၂ လုံးစီ၊ စုစုပေါင်း ၄ လုံးကြဲချသွားတဲ့အပြင် စက်လက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်သွားသေးတယ်လို့လည်း ဆိုပါတယ်။
နတ်မောက်မြို့နယ် ပကဖ ရဲ့ တာဝန်ခံ ကိုဆိပ် က “တိုက်ပွဲဖြစ်နေတာလုံးဝ၊ လုံးဝမရှိပါဘူးဗျ။ ပြည်သူတွေနေတဲ့ရွာထဲကို ပြည်သူကိုရန်သူသဖွယ် အငြှိုးကြီးကြီးထားပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်သွားတာပါ။ ရွာလယ်နဲ့ ရွာ့မြောက်ဘက်ခြမ်းတွေကို ဖိုက်တာ ၂ စီးနဲ့ပေါင် ၅၀၀ ဗုံး ၂ လုံးစီ ခွဲကြဲသွားပြီးတော့ Rocket တွေ၊ စက်လက်တွေနဲ့ပါပစ်သွားတာပါ” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဟာ နတ်မောက်မြို့နယ်ထဲကို ပြည်သူကိုပစ်မှတ်ထားတဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေလို့ ပြည်သူတွေ ထိခိုက်သေဆုံး နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကိုကာကွယ်နိုင်မဲ့ လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေ ပြုလုပ်ထားကြဖို့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ လေကြောင်းရန်သတိပေးချက်တွေကို အတိအကျလိုက်နာကြဖို့လည်း နတ်မောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










