
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စာသင်ကျောင်းကို စစ်တပ်က ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားတယောက် သေဆုံးခဲ့သလို အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွှေကန်မြေအရှင် ဆရာတော်က “နတ်မောက်အရှေ့ခြမ်းမှာရှိတဲ့ ကံလေးကုန်းရွာ စာသင်ကျောင်းကို နေ့လယ် ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရလို့ ကျောင်းသားတယောက် သေဆုံးပြီး ကျောင်းသား ၈ ယောက် ဒဏ်ရာရပြီးတော့ စာသင်ကျောင်းဆောင်နဲ့ ရွာက နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးသွားပါတယ်။ ပညာသင်ကြားနေပြီး အပြစ်ကင်းတဲ့ ကလေးငယ်တွေ ထိခိုက်ဆုံးရှုံးခဲ့ရတာပါ” လို့ မိန့်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အဆိုပါစာသင်ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတဲ့ Grade 7 ကျောင်းသား မောင်ဖြိုးဝေဦး သေဆုံးခဲ့ရသလို ဒဏ်ရာရကြတဲ့ ကျောင်းသား ၈ ယောက်ထဲက ကျောင်းသားတယောက်ဟာလည်း ပေါင်ပြတ်ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါကျေးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်တပ်ဘက်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုဆိပ်က DVB ကို ပြောပါတယ်။
“အဲဒီ Mi-35 က ညောင်ဦးလေဆိပ်ကနေ တက်လာတာလို့ သိရတယ်။ ရော့ကတ်အပြင် ပွိုင့်ဖိုက်တွေနဲ့ပါ ပစ်ခတ်သွားတာပါ။ တိုက်ပွဲဖြစ်နေတာတွေ ဘာမှမရှိပါဘူး။ နောက်ပြီး အဲဒီကျောင်းက Non CDM ပညာရေးဝန်ထမ်းတွေကို ကျနော်တို့ဘက်က ဖိအားပေးတာတွေလည်း လုံးဝမရှိပါဘူးဗျ။ ဘယ်လိုသတင်းမှားရပြီး လာကြဲသွားတယ်ဆိုတာတော့ မပြောတတ်ဘူး။”
စစ်အာဏာရှင်တပ်ဟာ နတ်မောက်မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးတာတွေနဲ့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်း အပါအဝင် ဘုန်းကြီးကျောင်းတွေနဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေလို့ အပစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးနေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ မြေပြင်စစ်ကြောင်းရဲ့ အန္တရာယ်တွေကြောင့် နတ်မောက်မြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံပြည်သူတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










