
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်–ဇရပ်ကုန်းလမ်းပိုင်းမှာ ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု နောက်ဆက်တွဲအဖြစ် ထန်းပင်ကုန်းကြီးကျေးရွာထဲကို စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင် ဝင်ရောက်တပ်စွဲပြီး ဒေသခံ ၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပစ်ခတ်မှုဟာ ထန်းပင်ကုန်းကြီးကျေးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ကန်စွယ်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူတယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတယောက်က “မနေ့က မနက် ၅ နာရီကတည်းက စဝင်ဖမ်းတာပါ။ ကားလမ်းဘေးမှာနေတဲ့ အိမ်တွေ အကုန်လုံးကို ရွာထဲမှာ ဝင်နေခိုင်းပါတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရသူတွေထဲမှာ ဦးဇော်မင်းဌေး၊ မချိုမာဝင်း၊ မဝင်းလဲ့လဲ့၊ ဦးသန်းလွင်၊ ကိုအောင်ချစ်စိုး၊ ကိုနိုင်လင်းဌေးနဲ့ တခြားအမျိုးသားတယောက်တို့ ပါဝင်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ထန်းပင်ကုန်းကြီးကျေးရွာမှာ လွန်ခဲ့တဲ့ တလဝန်းကျင်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဇွဲသစ်











