
မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲက ရွာတွေကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတို့နဲ့ ဗုံးကြဲခဲ့ပြီး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာတော့ စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တန့်ဆည်မြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့သလို လေကြောင်းတိုက်ခိုက်လို့လည်း စာသင်ကျောင်းဆောင်တွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “တန့်ဆည်မြို့နယ်ထဲက တနယ်ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အိမ်တွေမီးရှို့လို့ အိမ် ၂၀ လောက် မီးလောင်ပျက်စီးတယ်။ ရွာခံတွေကတော့ အခုထိဘေးလွတ်တဲ့နေရာတွေမှာ ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တန့်ဆည်မြို့နယ်ထဲကို အောက်တိုဘာ ၁ ရက်နေ့ကတည်းက စစ်ကြောင်းဝင်ရောက်လာသလို တန့်ဆည်နယ်နဲ့ ရေဦးနယ်အစပ်ကရွာတွေကို စစ်ကြောင်း ၂ ကြောင်းထိုးနေပြီး အောက်တိုဘာ ၃ ရက် ညနေအထိ စစ်ကြောင်းတွေရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်တာလည်း ရှိတယ်လို့ တန့်ဆည် ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာလည်း တနယ်ကျေးရွာနဲ့ ၁ မိုင် ဝန်းကျင်ဝေးတဲ့ ခပေါင်းကြိုင်ကျေးရွာ စာသင်ကျောင်းကိုလည်း တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားသေးလို့ စာသင်ကျောင်းဆောင်တွေ ပျက်စီးသွားခဲ့သေးတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေကိုသာမကဘဲ လေကြောင်းအန္တရာယ်ကိုပါ ဂရုစိုက်သွားလာနေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်ထဲမှာရှိတဲ့ ကံထူးမကျေးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ရသလို စက်တင်ဘာ ၃၀ ရက်နေ့မှာလည်း တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဖန်ခါဇင်ကျေးရွာက အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပါသေးတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ် နဲ့ မြိုင်မြို့နယ်က ရွာတွေကို အောက်တိုဘာ ၃ ရက် ညနေပိုင်းမှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့သိရပြီး ဖုန်းနဲ့ အင်တာနက်အခက်အခဲကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးတော့ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနားကိုလည်း အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပခုက္ကူ တပ်မ ၁၀၁ ထဲကလာတဲ့ စက်တပ်လေထီး ၂ စင်းနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “သူတို့ကြဲချတာက ရွာအနီးအနားမှာရှိတဲ့ ရေနံချက်ဖိုတွေ အနီးကို ချသွားတာ။ လူထိခိုက်မှုတော့မရှိဘူး။ ပြည်သူလူထုအများစုနေတဲ့ရွာထဲကို ချမသွားတာကိုက ကံကောင်းသွားတာ။ ဘာတိုက်ပွဲမရှိပါဘူ။ အလကားနေရင်း သက်သက်ကို ဗုံးကြဲချသွားတာ” လို့ ပြောပါတယ်။
ဆူးဝင်းရွာကို စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း စက်တပ်လေထီး ၂ စင်းနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။










