DVB Logo
Home
မြန်မာသတင်း
လက်ရှိ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ဆန်၊ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၂ သန်းကျော် ပြည်ပတင်ပို့
DVB
·
October 4, 2025
လက်ရှိ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ဆန်၊ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၂ သန်းကျော် ပြည်ပတင်ပို့
Donate to DVB

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံရဲ့ ဆန်၊ ဆန်ကွဲတင်ပို့မှုဟာ ၁ ဒသမ ၂ သန်းကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၉ ရာခိုင်နှုန်း တိုးတက်လာတာ တွေ့ရပါတယ်။

အခုနှစ် ၆ လပတ်အတွက် ဆန်တင်ပို့မှုတန်ဖိုးအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ရှိပြီး အရင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ သန်း ၅၀ လျော့ကျသွားတာကို မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် (MRF) ရဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်၊ ဆန်ကွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်က တန်ချိန် ၂ ဒသမ ၄၈ သန်း ခန့်ရှိခဲ့ရာက အခုနှစ်မှာ တန်ချိန် ၃ သန်းအထိ တိုးချဲ တင်ပို့နိုင်ဖို့ အသင်းချုပ်က မျော်မှန်း လုပ်ဆောင်နေတာပါ။

လက်ရှိပထမ ၆ လအတွင်း လျာထားချက်ရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့ထားနိုင်ခဲ့ပြီး ကျန်တဲ့ ဒုတိယ ၆ လပတ်မှာလည်း တလကို တန်ချိန်  ၃ သိန်းနှုန်းနဲ့ စုစုပေါင်း တန်ချိန်  ၁၈ သိန်းထိ တိုးချဲ့ တင်ပို့နိုင်ဖို့ လျာထားလုပ်ဆောင်နေတယ်လို့ အသင်းချုပ်က ဆိုထားပါတယ်။

အခုနှစ်အတွင်း မြန်မာ့ ဆန်၊ ဆန်ကွဲကို တရုတ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်နဲ့ ဘယ်ဂျီယံ နိုင်ငံတို့က အများဆုံး ဝယ်ယူ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာဈေးကွက်မှာ ၂၀၂၅ နှစ်စပိုင်းကစပြီး ဆန်ဈေးကျဆင်းနေတဲ့အတွက် တောင်သူတွေအနေနဲ့ ဈေးကွက်က လိုအပ်တဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးဖို့နဲ့ ဆန်စက်၊ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ညှိနှိင်းရောင်းချဖို၊ ကန်ထရိုက်လယ်ယာစနစ်၊ အာမခံဈေးနှုန်းစနစ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင်းချုပ်ကအကြံပြု တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တောင်သူတွေအနေနဲ့ စပါးရောင်းချရာမှာ ဈေးမရရှိပါက ဒေသကော်မတီတွေကို ဖြစ်စေ၊ ဆန်စပါးအသင်းချုပ်ကို ဖြစ်စေ တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့လည်း အသင်းချုပ်ကအသိပေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

လက်ရှိ တချို့ဒေသမှာ ကောက်စောစပါးတွေ စတင်ပေါ်ထွက်နေပြီဖြစ်တာကြောင့် စပါးစိုက်တောင်သူ လယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူဖို့ဆောင်ရွက်နေသလို ဈေးကွက်ဝယ်လိုအား မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကိုလည်း အသင်းချုပ်က အထူး ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ လက်ရှိမှာ အစိုဓာတ်၊ အရည်အသွေးနဲ့ အမျိုးအစားကို လိုက်ပြီး ကောက်စောဧည့်မထ စပါးအသစ်က ကျပ် ၁၁ သိန်း ကနေ  ၁၂ သိန်းအတွင်း၊ အထူးဧည့်မထအုပ်စု စပါးမျိုးက ကျပ် ၁၄ သိန်း ကနေ  ၁၅ သိန်းအတွင်း၊ ရက် ၉၀/ မနောသုခ/ ဧရာမင်း/ ဧရာပဒေသာ စပါးမျိုးတွေက ကျပ် ၂၂ သိန်း ကနေ ၂၃ သိန်းအတွင်း၊ ဆင်းသုခ စပါး (အစို)က ကျပ် ၁၃  သိန်းဈေးနဲ့ ရောင်းဝယ်မှု ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013