DVB Logo
Home
Lead Story
အသက်တချောင်း၊ ကျည်တတောင့် ဗျူဟာ
DVB
·
October 3, 2025
အသက်တချောင်း၊ ကျည်တတောင့် ဗျူဟာ
Donate to DVB

စစ်မှုထမ်းတပ်သားတဦးရဲ့ အသက်ထက် ဘဏ္ဍာရေးအရင်းအမြစ် အားနည်းတဲ့ တော်လှန်ရေးတပ်ဘက်က ကျည်တတောင့် ကုန်သွားဖို့ကိုသာ အလိုရှိခြင်းဟာ စစ်ကော်မရှင် လတ်တလော ကျင့်သုံးနေတဲ့ ခြွေစစ်ဖြစ်ကြောင်း CDM ဗိုလ်မှူးတဦးရဲ့ မှတ်ချက်က တကယ့်ကို ရှော့ခ်ရသွားစေတယ်။

လူငယ်လေးတွေရဲ့အသက်နဲ့ အရင်းပြုတဲ့ သွေးပျက်ဖွယ် ကောင်းလှတဲ့ခြွေစစ်။ တော်လှန်ရေးအင်အားစုတွေက လက်နက်ခဲယမ်း အားနည်း၊ ဘဏ္ဍာရေးအရင်းအမြစ် ဆိုတာကလည်း PDF ဆိုရင် ပြည်သူ့လှူဒါန်းငွေကိုသာ အဓိကအားပြုနေရတာမို့ ကျည်ဆန်ကအစ ချွေတာနေရတဲ့ဘဝ။ အဲဒီအားနည်းချက်ကို သိတဲ့ စစ်ကော်မရှင်က အခု တန်ပြန်ထိုးစစ်ဆင်ရာမှာ စစ်မှုထမ်းတပ်သား အင်အားနိုင်နိုင်သုံးကာ ရှေ့ကနေ အသေခံတက်။ အသက်တချောင်း သေတာထက် အဲဒီအသက်ကို ပစ်လိုက်တဲ့ တော်လှန်ရေးဘက်က ကျည်တတောင့် ကုန်သွားဖို့သာ နံပါတ်တစ်။ တော်လှန်ရေးဘက်က ကျည်များများသုံးရလေ ဘဏ္ဍာရေးအရင်းအမြစ် ပိုမိုချည့်နဲ့လေ ဆိုတဲ့ ခြွေစစ်ဗျူဟာကို စစ်ကော်မရှင်က သုံးနေကြောင်း CDM ဗိုလ်မှူးနောင်ရိုးက ဆိုတယ်။

အခု စက်တင်ဘာလကုန်ပိုင်း လေးကေ့ကော်မြို့သစ်ကို ထိုးတဲ့စစ်ဆင်ရေးမှာလည်း ရှေ့ကနေ ကြောက်အားလန့်အားနဲ့ ကယောင်ကတမ်း ချီတက်ကြရတဲ့ စစ်မှုထမ်းတပ်သားတွေ သေလိုက်တာမှ သောက်သောက်လဲပဲလို့ သတင်းတချို့က ဆိုတယ်။

စစ်မှုထမ်းသင်တန်းအပတ်စဉ်တခုမှာ လူငယ် ၅,၀၀၀၊ စက်တင်ဘာ ၁၂ ရက်က စစ်မှုထမ်းအပတ်စဉ် ၁၄ သင်တန်းဆင်းသွားပြီဆိုတော့ စုစုပေါင်း စစ်မှုထမ်းတပ်သား ၇၀,၀၀၀။ စက်တင်ဘာ ၁၆ ရက်က စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၇ ကို ဖွင့်လှစ်နေပြီ။ လူငယ်တွေ ပြည်ပကို ပြေးသူပြေး၊ ပြည်တွင်းထဲမှာတင် ရသလောက်ရှောင်နေသူလည်း မနည်းဘူးဆိုပေမဲ့ အပတ်စဉ်တိုင်း လူ ,၅၀၀၀ ရဖို့ရာ သိပ်မခက်ခဲသေးတာ တွေ့ရတာကြောင့် မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် အသေခံပေးရမယ့် လူငယ်အရင်းအမြစ်က နောက်တနှစ်ကျော် ကြာတဲ့အထိ သိပ်ရှားပါးသွားမယ့်ပုံ မပေါ်။

ပြီးတော့ ကိုယ်တွေရဲ့ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံတို့ကလည်း သူတို့ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ထောင်ကနေလွတ်တော့ စစ်ကော်မရှင်ဆီ လွှဲပြောင်းပို့နေခြင်းကလည်း စစ်မှုထမ်းသင်တန်း အတွက် အခမဲ့ လူစုဆောင်းပေးနေသလိုမျိုး။ အထူးသဖြင့် ထိုင်းကနေ ပြန်ပို့ခံရတဲ့လူငယ်တွေ စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မသွတ်သွင်းခံရပြီး အလင်းဝင်လာသူတွေက တစစ များပြားလာတာ ငြင်းလို့မရတဲ့ သက်သေများ။

DVB ရဲ့ သတင်းတွေအရဆိုရင် ရနောင်းအချုပ်ထောင်ထဲ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခဲ့တဲ့ မြန်မာတွေကို စက်လှေနဲ့ ကော့သောင်းလှေဆိပ် ပို့ပြီးနောက် လူငယ်တွေကို ရွေးကာ ၆ မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲသို့ ပို့။ အဲဒီနောက် ရေလမ်းကြောင်းကနေ မြိတ်နဲ့ ပုလောက စစ်သင်တန်းကျောင်းသို့ ပို့ဆောင်နေတာ ဖော်မြူလာတရပ်ပမာ။

ပြီးတော့ အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို ဇွန်လလောက်ကတည်းက စတင်ဖွင့်လှစ်နေပြီဆိုတဲ့ သတင်းအရ နောက်တန်းမှာရှိတဲ့ စစ်သားတွေကို လိုရင်လိုသလို စစ်မြေပြင်ပို့ပြီး သူတို့ရဲ့နောက်တန်းနေရာမှာ အမျိုးသမီးစစ်မှုထမ်းတွေ တာဝန်ဖြည့်ယူဖို့ ကြိုတင်စီမံမှုလို့လည်း တွက်ဆနိုင်တယ်။

နောက်ဆုံး ပေါ်တာဆွဲစရာ လူငယ်တွေ ရှားသွားတော့ရော ဘာဖြစ်လဲ။ အသက် ၄၀ ကျော်အရွယ် သန်သန်မာမာကြီးတွေကို ပေါ်တာဆွဲ စစ်သင်တန်းပေးကာ ဆက်အသေခံခိုင်းလို့ ရသေးတယ် မဟုတ်လား။

အခု စစ်မှုထမ်းတပ်သား ၇၀,၀၀၀ ရှိနေပြီပဲထား။ တိုက်ပွဲတွေမှာ ဘယ်နှဦး သေဆုံးသွားပြီလဲ ဆိုတာ မသိကြပေမဲ့ တိုက်ပွဲတိုင်းမှာ စစ်မှုထမ်းတပ်သားတွေ အများဆုံး သေဆုံးနေတာကတော့ အသေအချာ။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေမှာ စစ်မှုထမ်းတွေသာ အများဆုံးဖြစ်နေပြီး ခြွေစစ်ဗျူဟာရဲ့ အသေခံတပ်သားအဖြစ်၊ လူသားဒိုင်းအဖြစ် အသုံးချခံနေရတာကြောင့် ဆိုတာ ငြင်းမရ။ ပြီးတော့ အခု စစ်မှုထမ်းသင်တန်းကာလက အရေးပေါ် အခြေခံမျှသာ သင်ပေးနိုင်တဲ့ ၁၂ ပတ်မျှသာ။ ဒါတောင် လိုအပ်လာရင် ၇ ပတ်လောက်နဲ့ သင်တန်းဆင်းခိုင်းပြီး စစ်မြေပြင် တန်းပို့နေတာမျိုးလည်း ရှိသမို့ သေတွင်းထဲ တန်းပို့လိုက်တာနဲ့ မခြား။

ဒါပေမဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ အလင်းဝင်နှုန်းကတော့ သိပ်နည်းနေသေးတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MIDS က ဆိုတယ်။ ဘယ်လောက်ထိအောင် နည်းနေသေးတာလဲဆိုတော့ စာရင်းတွေအရ စစ်မှုထမ်း ၇၀,၀၀၀ မှာ အလင်းဝင် ၃,၀၀၀ လောက်ပဲ ရှိသေးတယ်လို့ သိရတယ်။

စစ်မှုထမ်းတပ်သားဆိုတာ ၁၀၀ မှာ ၉၉ ယောက်လောက်က စစ်တပ်ထဲ မဝင်ချင်ဘဲနဲ့ ဝင်ခဲ့ရတဲ့သူတွေ။ အဲဒီ ၉၉ ယောက်ထဲက သုံးပုံနှစ်ပုံလောက်က စစ်တပ်ကို တူးတူးခါးခါး မုန်းတီးနေရာကနေ ဖမ်းဆီးခံ၊ ပေါ်တာဆွဲခံ၊ ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့ အကြောင်းရင်းတွေကြောင့် စစ်တပ်ထဲ ရောက်သွားကြသူတွေ။ အဲဒီလို စစ်မှုထမ်းတပ်သားတွေက ဘာ့ကြောင့် အလင်းဝင်မှုနှုန်း သိပ်နည်းနေရတာလဲ။

စစ်တပ်ရဲ့ ဝါဒဖြန့် ခြိမ်းခြောက်မှုတွေကို ယုံကြည်ကြောက်ရွံ့၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဘယ်လိုဆက်သွယ်ရမလဲ မသိ၊ ဆက်သွယ်ဖို့ရာ မလွယ်ကူခြင်းနဲ့ သတင်းအချက်အလက်ရရှိ သိရှိမှု နည်းပါးခြင်းကြောင့်လို့ MIDS က မှတ်ချက်ပြုတယ်။

ပြောရရင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းခေါ်ယူနေမှုကို အနည်းငယ်မျှတောင် မဟန့်တားနိုင်သေးတာကြောင့် စစ်သားတွေ အလင်းဝင်လာရေးအပေါ် အားပြုကြဖို့ လိုပါမယ်။ မူလလက်ဟောင်း သန္ဓေစစ်သားတွေပဲဖြစ်ဖြစ်၊ စစ်မှုထမ်းတပ်သားတွေပဲ ဖြစ်ဖြစ် အလင်းဝင်သူများခြင်းဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ အရွေ့တခု ဖြစ်တာကြောင့် MIDS ရဲ့ မှတ်ချက်နဲ့အတူ စစ်မှုထမ်းတပ်သားတွေ အလင်းဝင်မှု ဘာ့ကြောင့် နည်းနေရသလဲဆိုတာ NUG အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေထဲက သက်ဆိုင်သူတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အဖြေရှာကြဖို့ လိုပါမယ်။ ပြည်သူ့ရင်ခွင်ဝင်ရောက်ရေး အဖွဲ့တွေဟာ အလင်းဝင်လာတဲ့ စစ်သားတွေကို လက်ခံကြိုဆိုပေးတဲ့ အဆင့်၊ သေနတ်ပါလာရင် ဆုငွေထုတ်ပေးတဲ့အလုပ်ပဲ လုပ်နေသလား။ အလင်းဝင်လာအောင် ဒါ့ထက်ပိုအားကောင်းတဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ဖို့ လိုနေသလား၊ စသဖြင့် ကိုယ့်ပေါင်ကိုယ် ရဲရဲလှန်ထောင်းကြဖို့လည်း လိုမယ်ထင်ပါတယ်။

အဓမ္မစစ်မှုထမ်းဥပဒေဟာ ခွေးကတက်ပေါ်မှာ နေ့လားညလား တစာစာဖြစ်နေတဲ့ စစ်တပ်ကို ခြေသုတ်ခုံပေါ် ပြန်တင်ပေးခဲ့နိုင်တဲ့ အဓိကထောက်တိုင်တချောင်း ဖြစ်တယ်။ စစ်မှုထမ်းတပ်သားတွေ သေချင်တိုင်းသေနေတာ ပြည်သူကို လက်စားချေခွင့်ရခြင်းတနည်း ဖြစ်တာကြောင့် ပြည်ဖျက် မင်းအောင်လှိုင်တို့တသိုက် ခံတွင်းလိုက်နေမှာလည်း သေချာတယ်။ ပြီးတော့ တချက်ခုတ်လိုက်တာ နှစ်ချက်မက ပြတ်နေတဲ့ ခြွေစစ်ဗျူဟာ။

ရက်ရက်စက်စက် အသက်ဝင်နေတဲ့ စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းခြင်းဟာ ဆက်လက် အလုပ်ဖြစ်နေသရွေ့ ခြွေစစ်ဗျူဟာကလည်း ဆက်လက်အားကောင်းနေမှာပဲ ဖြစ်တယ်။ ဒါ့ကြောင့် အဲဒါတွေကို ရသမျှနည်းလမ်းတွေနဲ့ ချေဖျက်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာ အဓိကပလေယာတွေအနေနဲ့ ပစ္စက္ခအခြေအနေတွေကို အမှန်အတိုင်း ရှုမြင်ကာ ဆွေးနွေးအဖြေရှာ လမ်းစထွင်ကြဖို့ လိုပါမယ်။

တချိန်က ဆိုဗီယက်ခေါင်းဆောင် မစ်ခေးဂေါ်ဘာချော့ဗ် ပြောခဲ့တဲ့ စကားတခွန်းရှိတယ်။ “မနက်ဖြန် ဆိုရင် ကျနော်တို့ သိပ်နောက်ကျသွားလိမ့်မယ်”။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013