
၁၆ နှစ်စွန်းစအရွယ် စာကြီးပေကြီးတွေလည်း တထွာတမိုက်လောက် ဖတ်ထားဖူးပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်ခဲ့တာပေါ့။
မျက်မှောက်ကိုကြုတ် လက်ကိုနောက်ပစ်ပြီး ဖြည်းဖြည်းဆေးဆေး တခုခုတွေးနေပုံမျိုးလည်း စတိုင်ထုတ်တတ်တယ်။ ပြီးတော့ သွားပေါက်ခါစ ကလေးတယောက်ကို မြင်ရာထင်ရာ ကိုက်ပစ်ချင်စိတ်ကလည်း အပြည့်။ ကိုယ့်အစွယ် လူမြင်အောင် အလွတ်ကျက်ထားတဲ့ စကားကြီး စကားကျယ်တွေ ထုတ်ရှိုးရတာလည်း မောလို့။
မုံရွာထောင်ထဲမှာ နိုင်ငံရေးဆရာတယောက်ရဲ့ ပို့ချမှု ခံခဲ့ဖူးတယ်။ ကိုယ့်ဆရာက အင်္ဂလိပ်စာတတ်၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၄၈၂၈ အုပ်စုဝင်။ မုံရွာထောင်ထဲကို လက်ဝဲစာအုပ်တွေ ခိုးသွင်းကာ ကိုယ်တွေ ချာတိတ်တွေကို လေ့လာစေ။ မှတ်မှတ်ရရ တရုတ်ခေါင်းဆောင် မော်စီတုံး အတွေးအခေါ် ပဋိပက္ခ၊ လက်တွေ့၊ လူတို့ရဲ့ မှန်ကန်သောအတွေးအခေါ် ဘယ်ကလာသလဲ၊ စသဖြင့်။ နားမလည်တာတွေကိုလည်း ကိုယ့်ဆရာက တထိုင်တည်း ရှင်းလင်းပြောပြပေးနိုင်သူမို့ ကြွေခဲ့မိတာ ဒီနေ့ထိတိုင် ဆရာတဦးအဖြစ် မှတ်သားအလေးအနက်ပြုတဲ့အထိ။ အဲဒီလို သွားပေါက်ခါစ ကလေးတယောက် သူငယ်နာလည်း မစင်သေးသူမို့ လက်ဝဲသမားကလွဲလို့ ကျန်တာကို နိုင်ငံရေးသမား မထင်တဲ့အထိ နိုင်ငံရေးကျပ်မပြည့်မှုတွေလည်း နက်လို့ပေါ့။
မုံရွာထောင်ကနေ မန္တလေးထောင်ထဲကို ထပ်ရောက်ပြီး အနီကြီးတွေနဲ့ ထပ်တွေ့တော့ ရိုသေ ကိုင်းရှိုင်းလိုက်တာမှ အလွန်။ ဒါပေမဲ့ ကိုယ်တွေ့ခဲ့တဲ့ အနီကြီးတွေက ရွှေတောင်ကြီးပမာ ထင်မှတ်မှားခဲ့တဲ့ အရှေ့မြောက်ဒေသမှာ အခြေစိုက်ခဲ့ဖူးသူတွေ မဟုတ်သလို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဝင်အဆင့်လည်းမဟုတ်၊ ဗကပယူဂျီတွေ။ ပြီးတော့ သူတို့ကိုယ်တိုင် ဗကပအခြေစိုက်ရာ အရှေ့မြောက်ဒေသ နိုင်ငံရေးရာသီဥတုကို တဆင့်အကြားတွေနဲ့ ခပ်ပျပျသာ မြင်ကြတဲ့ပုံ။ ဒါပေမဲ့ သူတို့ရဲ့ နိုင်ငံရေးရေချိန်က ဖြုံလောက်ဖွယ်အဆင့်။
ရှားရှားပါးပါး မန္တလေးထောင်ထဲမှာ အရှေ့မြောက်ဒေသ ဗကပဌာနချုပ် ပန်ဆန်းမှာ နှစ်အနည်းငယ်ကြာ ဖြတ်သန်းခဲ့ဖူးသူ တယောက်တော့ ရှိတယ်။ သူက စစ်တပ် ဖမ်းဆီးခြင်းခံရပြီး မန္တလေးထောင်ထဲ ရောက်နေသူ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင် စိုးသူ။ စိုးသူက ကျနော့်အောက် လပိုင်းတောင် ငယ်သေးတဲ့သူ။ အဲဒီအချိန် ကျနော်တို့အသက်က ၁၇ နှစ်ကျော် အရွယ်။ ကလေးတယောက်မျက်နှာနဲ့ အမြဲတစေ ပြုံးနေတတ်ပြီး ဘယ်သူ့ကိုမဆို ကူညီဖို့လည်း ဝန်မလေးတဲ့ စိုးသူကို ကျနော်တို့က ‘ကို’ တွေ ဘာတွေမတတ်ဘဲ စိုးသူလို့ပဲ ခေါ်ခဲ့တယ်။
စိုးသူက အဲဒီအချိန် နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲရောက်ခဲ့သူတွေထဲ ကိုင်းကြီးကြီးမှာ နားရတဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့သူ။ အဲဒီတုန်းက ၄၈၂၈ အုပ်စုဝင် ပေါက်ပေါက်ရောက်ရောက် ယူဂျီတွေကိုတောင် အလွန်ဆုံးထောင်ချ ၄ နှစ်၊ ၅ နှစ်လောက်သာရှိတာမို့ စိုးသူက အရွယ်နဲ့ မလိုက်အောင် ထောင်ဒဏ်က ကြီးပေ့။
“ကျနော်က စစ်တပ်ထဲကနေ ဗကပထဲ ရောက်သွားပြီး ပြန်တိုက်နေလို့ စစ်တပ်က ဒေါသထွက်ပြီး ထောင်များများ ချပစ်တာ” လို့ စိုးသူက ရယ်ရယ်မောမောနဲ့ ပြောပြဖူးတယ်။
အဲဒီခေတ်တုန်းက လက်နက်ကိုင်တော်လှန်ရေးသမားတွေကို ဖမ်းဆီးမိရင် မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ် ချလေ့ရှိပေမဲ့ စိုးသူကိုတော့ စစ်တပ် သစ္စာဖောက်အဖြစ် တခြားပုဒ်မတွေပါ ဆွဲကပ်ပစ်တာတဲ့။
နှစ်ကြီးသမားဆိုတော့ မန္တလေးထောင်ကြီးဆီပို့တယ်။ အဲဒီတုန်းက မန္တလေးနန်းတွင်းထောင်။ အိုးဘိုထောင်ဆိုတာက ဆောက်နေတုန်း။ ကျနော်တို့က မုံရွာထောင်မှာ ရန်ရှာလို့ဆိုပြီး မန္တလေးထောင် အပို့ခံရတဲ့ ၁၉၉၁ ခုနှစ်မှာ စိုးသူက နေသား ၂ နှစ်လောက်တောင်ရှိပြီ။
မန္တလေးထောင်ထဲရောက်တော့ ထုံးစံအတိုင်း ပုံစံခန်းထဲမှာ ၄-၅ ရက်။ အဲဒီနောက် အောက်ထပ်က ထောင်ကျအဆောင်ထဲပြောင်းတော့ စိုးသူနဲ့က တခန်းတည်း။ ရွယ်တူချင်းမို့ အလွယ်တကူ ခင်မင်သွားရုံတင်မက စားအိုးတွဲပါ ဖြစ်သွားကြတယ်။
ကျနော်က နီကြောင်ကြောင်မို့ ညဘက် တန်းပိတ်ပြီဆို အာဏာရှင်စစ်တပ်ကနေ ကွန်မြူနစ်စစ်သား ဖြစ်ခဲ့ပုံနဲ့ သူထိတွေ့ခဲ့တဲ့ ဗကပအကြောင်း စိတ်ကူးရတိုင်း စပ်စုခဲ့တယ်။ မကြာခဏဆိုသလို မေးမြန်းကြားသိခဲ့တာမို့ အခု ၃၅ နှစ်ကြာတဲ့အထိ အဖြစ်အပျက်တချို့ကို အကြမ်းထည် မှတ်မိနေရုံတင်မက စိုးသူရဲ့ ခပ်ချိုချို မျက်နှာကိုပင် မမေ့။
စိုးသူက ပဲခူးတိုင်း၊ ရွှေကျင်မြို့ဇာတိ။ အဲဒီခေတ် လူငယ်တို့ရဲ့ ထုံးစံအတိုင်း စိတ်အခန့်မသင့်လို့ အိမ်ကနေ ထွက်ပြေးပြီးနောက် ကိုယ့်သဘောနဲ့ကိုယ် စစ်သားစုဆောင်းရေးထဲဝင်၊ အသက်မပြည့်သေးပေမဲ့ စစ်တပ်ထုံးစံအတိုင်း အေးဆေး။
စစ်သင်တန်း ၆ လ ပြီးနောက် အရှေ့မြောက်ဒေသဘက် တာဝန်ကျတယ်။ မျက်နှာချိုပြီး ဖင်ပေါ့တဲ့ ကောင်လေးတယောက်မို့ တပ်ရင်းမှူးကချစ်တာနဲ့ တပ်ရင်းမှူးရဲ့ ကိုယ်ရံတော် ဖြစ်သွားတယ်။ PLA နဲ့တိုက်တဲ့ တိုက်ပွဲတပွဲမှာ သူတို့စစ်တပ် ချေမှုန်းခံရကာ ဒဏ်ရာရထားတဲ့ တပ်ရင်းမှူးနဲ့ သူ့ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိသွားတယ်။
“ကျနော်က လက်မှာ ဒဏ်ရာရသွားတယ်” လို့ စိုးသူက ဆိုကာ သူ့လက်ဖမိုးပေါ်က သေရာပါ အမာရွတ်ကို ပြတယ်။
“စစ်တပ်ထဲမှာနေတုန်း ကျနော်တို့ကြားဖူးတာက ဗကပဆိုတာ တကယ့်လူဆိုးကြီးတွေကိုး။ ပြီးတော့ စစ်သားတွေကိုမိရင် သတ်ပစ်တယ်လို့ သိထားတော့ ပွဲပြီးပြီ ထင်ခဲ့တာ” လို့ စိုးသူက ဆိုတယ်။
ဒါပေမဲ့ လက်ဖျားနဲ့ မတို့ကြရုံတင်မက ဗကပအချုပ်ထဲရောက်တော့ တပ်ရင်းမှူးရော သူ့ကိုပါ ဒဏ်ရာတွေ ဆေးကုပေးကာ ဗကပ သုံ့ပန်းပေါ်လစီအရ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်တယ်လို့ သိရတော့ မယုံချင်။
“ဗကပ ဖမ်းထားတာ တပတ်၊ ၁၀ ရက်ကြာတဲ့အထိ ကောင်းကောင်းထားပြီး ကောင်းကောင်း ကျွေးနေတာတောင် ကျနော်တို့ မယုံသေးဘူး။ ဆေးကုပြီးရင် စစ်ဆေးပြီး သတ်မယ်ပဲထင်တာ” လို့ စိုးသူက ဆက်ပြောတယ်။
ဆေးကုပြီးလို့ ကျန်းမာလာတော့ ဗကပ သဘောတရားရေးရာတွေ ပို့ချပြန်တယ်။ အဲဒီတော့မှပဲ ဗကပတွေက စစ်သုံ့ပန်းတွေကို တကယ်မသတ်ကြောင်း ယုံကြည်သွားတော့တယ်။
“စိတ်တော့ညစ်ရတယ်။ ကျနော်က ဘာနိုင်ငံရေးမှ သိတာမဟုတ်ဘူး။ နိုင်ငံရေး စကားလုံးကြီးတွေကို နားထောင်ရတာ အင်မတန်အိပ်ချင်တယ်။ နားမထောင်လို့လည်း မရဘူး” လို့ ဆိုတယ်။
အဲဒီနိုင်ငံရေးပို့ချချက်တွေပြီးရင် ပြန်ချင်တဲ့သူကို ဘေးကင်းတဲ့နေရာထိ လိုက်ပို့ပေးမယ်၊ နေချင်ရင် ဗကပက ကြိုဆိုပါတယ်လို့ ဆိုတော့ စိုးသူတယောက် နဖူးပေါ်လက်တင်ကာ တော်တော် ခေါင်းစားသွားတယ်။
ဒီမှာပဲ နေခဲ့မလား၊ ပြန်ရင်ကောင်းမလား။ ဒါပြီး ဒါပြန် တွေးမိတာ အခါခါ။ သူ့ဆရာတပ်ရင်းမှူးကတော့ မိသားစုလည်း ရှိတာမို့ ပြန်မယ်လို့ ဆုံးဖြတ်။ စိုးသူက ဗကပသည် သူ့အသက်သခင်။ ရန်သူစစ်သားကို ဖမ်းဆီးမိတာတောင် ခြေဆုပ်လက်နယ် မလုပ်ပေးရုံတမယ် စောင့်ရှောက်ပေးပုံက သူ တခါမှ မကြားဘူးတဲ့ အဘိဓမ္မာမို့ ဒီဗကပမှာပဲ ဘဝကို ပုံအပ်ဖို့ ဆုံးဖြတ်။ မိသားစုမရှိတာလည်း ပါတာပေါ့လို့ စိုးသူက ဆိုတယ်။
တပ်ရင်းမှူးကို အန္တရာယ်ကင်းတဲ့နေရာအထိ လိုက်ပို့ပေးတယ်။ သူသာ မိသားစုမရှိရင် နေခဲ့မိမှာ သေချာတယ်လို့ တပ်ရင်းမှူးက သူ့စိတ်ရင်းအတိုင်း ပြောသွားသေးတယ်လို့ ဆိုတယ်။ ကျန်ခဲ့တဲ့ စိုးသူက PLA ရဲဘော်အဖြစ် ဒေါင်ဒေါင်မြည်။ တိုက်ပွဲတွေအလီလီ ဆင်နွှဲခဲ့ပြီးနောက် ဗကပရဲ့ ယုံကြည်မှုလည်း ရလာတယ်လို့ ဆိုတယ်။
နောက်ပိုင်း တိုက်ပွဲတွင်းမှာ မဟုတ်ဘဲ တနေရာမှ တခြားတနေရာသို့ သွားနေစဉ် လမ်းခုလတ်မှာ စိုးသူ အဖမ်းခံလိုက်ရတယ်။ စိုးသူ မန္တလေးထောင်ထဲ ရောက်လာချိန်မှာတော့ ဗကပသည် သူ့ဘဝ၊ အမြဲတမ်း ပြုံးချိုနေပြီး သဘောကောင်းတဲ့ စိုးသူ ဘာနိုင်ငံရေးမှ မသိပေမဲ့ ဗကပကိုတော့ လာမထိနဲ့၊ မီးပွင့်သွားမယ်ဆိုတဲ့ အစား။
“ကျနော် ထောင်ကနေလွတ်ရင် မိဘတွေရှိတဲ့ ရွှေကျင် ခဏပြန်မယ်။ ပြီးရင် ဗကပဆီ ပြန်မယ်” လို့ စိုးသူက စကားစပ်မိတိုင်း သူ့အနာဂတ်ကို အဲဒီလိုချည်း ပြောခဲ့တယ်။
ကျနော်က ထောင်ကနေ အရင်လွတ်တယ်။ စိုးသူက ကျနော်လွတ်ပြီး နောက် ၂ နှစ်လောက်မှ လွတ်မှာ။ ကျန်းမာရေးကောင်းတဲ့ စိုးသူ ထောင်ထဲ မသေမှာလည်း သေချာတယ်။ ကျနော် ထောင်ကနေ လွတ်ပြီးချိန်ကစလို့ ဒီနေ့ထိတိုင် စိုးသူနဲ့လည်း ပြန်မတွေ့၊ စိုးသူအကြောင်းပင် တခါမှ ပြန်မကြားမိ။
စိုးသူ ထောင်ကနေ ပြန်လွတ်ချိန်မှာ ဗကပသည်လည်း တစစီ ပြိုနေပြီမို့ အရှေ့မြောက်ဒေသဆီ စိုးသူ ပြန်ရောက်၊ မရောက် ကျနော်မသိ။ ဒါပေမဲ့ စိုးသူတယောက် ဘယ်ဘဝရောက်ရောက် ဗကပဆိုတာ သူ့သွေးသားထဲ အခိုင်အမာရှိနေမှာတော့ ကျနော်ယုံကြည်တယ်။
ဘာလို့ ရှေးသရောအခါက စိုးသူအကြောင်း ရေးနေတာလဲဆိုတော့ သတိရစရာတွေ ပေါ်လာတာကြောင့် ဖြစ်တယ်။ မန္တလေးတိုင်း၊ တောင်သာနယ်သား ဦးသန်း(အမည်လွှဲ) ဆိုသူကို တောင်သာအခြေစိုက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့က မကြာသေးတဲ့ မေလနောက်ဆုံးပတ်မှာ ဖမ်းဆီးသွားပြီး ဒလန်စွပ်စွဲချက်နဲ့ မသေရုံတမယ် ရိုက်နှက်ကာ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့သတင်းက စိုးသူကို အလိုလို သတိရမိသွားခြင်း အကြောင်းရင်း ဖြစ်တယ်။
တချိန်တုန်းက ဗကပ သုံ့ပန်းပေါ်လစီဆိုတာ တိုက်ပွဲမှာမိတဲ့ ရန်သူစစ်သားကိုတောင် လက်ဖျားနဲ့ မထိဘဲ အကောင်းဆုံး စောင့်ရှောက်ပေးပြီး ပြန်ချင်ရင် ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီနေ့ခေတ် PLA သုံ့ပန်းပေါ်လစီက ပြည်သူတယောက်ကို ဒလန်စွပ်စွဲချက်နဲ့ ခေါင်းရိုက်ခွဲတဲ့အထိ အပြောင်းလဲကြီး ပြောင်းလဲလာမှုအပေါ် အံ့အားသင့်ရတယ်။ စိုးသူသာ သက်ရှိထင်ရှားရှိနေပြီး တောင်သာအဖြစ်အပျက်ကိုသာ သိခဲ့ရင် ဘယ်လောက်တောင် ရင်ကျိုးရှာမလဲလို့ ကျနော် ဆက်တွေးမိတယ်။
လင်းဆက်ငြိမ်းချမ်း











