DVB Logo
Home
ဆောင်းပါး
လူသတ်ကောင် လူရာဝင်တော့မလား
လင်းဆက်ငြိမ်းချမ်း
·
June 25, 2026
လူသတ်ကောင် လူရာဝင်တော့မလား
Donate to DVB

ထောင်ထဲမှာ ဆုံခဲ့ဖူးတဲ့ လူမိုက်တယောက်က လမ်းမပေါ် ဓားလွတ်ကိုင် တက်ရမ်းပြခဲ့ဖူးကြောင်း ဂုဏ်ယူစွာ ပြောပြခဲ့ဖူးတာ အမှတ်ရမိတယ်။

အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်  မသောက်မစား မူးယစ်ခြင်းလည်းမရှိဘဲ တက်ရမ်းခဲ့ပေမဲ့ ဖက်ပြိုင်ရန်ပြုရဲသူတဦးမျှ မရှိရုံတင်မက ရဲတပ်ဖွဲ့ဝင်တွေလည်း လာဖမ်းဆီး ခြင်းမရှိတာကို သူ့က သိပ် ဂုဏ်ယူတယ်။ အဲဒါက သူ့ လူမိုက်သက်တမ်းမှာ ခမ်းနားတဲ့ မှတ်တမ်းတခု။ သူ့မျက်လုံးတွေက ကျေနပ် အားရမှုအပြည့်နဲ့။

ကျနော်က မင်းအောင်လှိုင်ရဲ့ ဘယ်သူ့ကိုမှ လူမထင်တဲ့ အကြမ်းဖက်မှုတွေ မြင်တိုင်း လမ်းမပေါ် ဓားလွတ်ကိုင် ရမ်းကားခဲ့တဲ့ အဲဒီလူမိုက်ကို သတိရမိတယ်။ ဥပမာ- ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ရဲ့ ဆေးရုံကြီးလည်းဖြစ်၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့လည်းဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ မြောက်ဦးဆေးရုံကို ဗုံးကြဲကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလိုမျိုး။ မင်းတို့ တခုတ်တရ တန်ဖိုးထားပြောနေတဲ့ လူ့အခွင့်အရေးနေ့မှာ ငါက ဆေးရုံတည့်တည့် ဗုံးကြဲသတ်ပြလိုက်တာလို့ မင်းအောင်လှိုင် ပြောချင်တဲ့ပုံ။

အခုလည်းကြည့်၊ ဇွန် ၉ ရက်ညနဲ့ ၁၀ ရက်နေ့ သန်းခေါင်ကျော်အချိန် တောင်ငူမြို့ပေါ်က ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုကို ဖယ်ရှား။ ဇွန် ၁၃ ရက်မှာလည်း ရန်ကုန်မြို့၊ NLD ရုံးချုပ် အဆောက်အအုံထိပ်က ပါတီ အမှတ်တံဆိပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စာသားကို ဖယ်ရှားပြန်။ ပြီးတော့ ဇွန် ၁၄ ရက်ည၊ ခြံအမှတ် ၅၄၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံတံခါးထိပ်မှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ ဗိုလ်ချုပ်ပြောစကား စာသားကို ဖျက်ဆီးပစ်။ နောက်တရက် ဇွန် ၁၅ ရက်ရောက်တော့ တရုတ်ဧကရာဇ် ရှီကျင့်ဖျင်ထံ အခစားဝင်ဖို့ ဘေဂျင်းကို ထွက်ခွာသွားတယ်။

တကယ်ဆို လူလိုသူလို နေရာပေးဆက်ဆံတဲ့ တရုတ်ခရီးစဉ်နဲ့ ကပ်လျက်အချိန်မှာ အများအမြင် ပြောစရာတွင်မဲ့ အကြမ်းဖက်မှုမျိုးကို ရှောင်ကြဉ်သင့်ပေမဲ့ မင်းအောင်လှိုင်ကတော့ အများမြင်သာအောင် တမင်ပဲ လုပ်ပြနေသလားလို့ ထင်မှတ်မှားရလောက်အောင်ကို။ မင်းအောင်လှိုင် အဲဒီအကြမ်းဖက်မှုရဲ့ ရည်ရွယ်ရင်းအမှန်ကို မသိပေမဲ့ ဘယ်သူကိုမှ ဂရုမစိုက်ဘူးဆိုပြီး လမ်းမပေါ် လုံချည်ဂွင်းသိုင်းတက်ကာ ဓားရမ်းပြလိုက်တာလို့ နားလည်ရတယ်။

ဒါပေမဲ့၊ မင်းအောင်လှိုင် ဘယ်လောက်ရမ်းရမ်း တရုတ်ကနေ ပြန်ရောက်တဲ့ ဇွန် ၁၉ ရက်မှာ လူမှုကွန် ရက်တခုလုံး နီစွေးသွားတဲ့အထိ နှင်းဆီလှုပ်ရှားမှုက စောင့်ကြိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အစဖျောက်ထားတာ ၃ နှစ်ခွဲကြာပြီဖြစ်ပေမဲ့ ပြည်သူတွေက ဘယ်မေ့လိမ့်မလဲ။

သတင်းတွေအရ ရန်ကုန်ပြည်သူတွေက နှင်းဆီကို ရန်ရှာနေတဲ့ သေနတ်ကြီးတွေရဲ့ ရန်ကို ရှောင်နိုင်ဖို့ ဈေးတွေမှာ တရက်ကြိုတင် နှင်းဆီဝယ်သူတွေကဝယ်။ အများက ၁၉ ရက်မနက်မှာ ဘုရားပန်းတွေဝယ်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ် ဘုရားပန်းကပ်ကြနဲ့ မမေ့မလျော့။

စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်တင်မက၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်္ကေတ နှင်းဆီ ပန်းကိုလည်း ကြောက်ကြရှာတော့ မြို့ကြီးတချို့မှာ နှင်းဆီပန်းရောင်းချခွင့် ပိတ်ပင်။ တောင်ကြီး၊ မန္တလေး၊ မုံရွာနဲ့ ရန်ကုန်မှာ နှင်းဆီပန်း ရောင်းတာ၊ ဝယ်တာ၊ ပန်ဆင်တာတွေကြောင့် ပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးခံရပေမဲ့ မင်းအောင်လှိုင်ပေးတဲ့ ဒီမိုကရေစီက နှင်းဆီပန်းကိုတောင် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား ပန်ဆင်ခွင့် မရပါလားလို့ ဘယ်သူမှ မညည်းတွားကြ။

နှင်းဆီလှုပ်ရှားမှုလိုပဲ နောက်ထပ် ရိုက်ချက်ပြင်းတဲ့ လှုပ်ရှားမှုကလည်း ကုလသမဂ္ဂရင်ပြင်မှာ ထွက်ပေါ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်မှာပဲ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ရဲ့ မြန်မာနိုင်ငံအခြေအနေ ဆွေးနွေးတင်ပြချက်။

မြန်မာနိုင်ငံမှာ အဆိုးတကာ့အဆိုးတွေ စံချိန်သစ်တင်ထားတယ်လို့ ကုလအထူးကိုယ်စားလှယ်က ဆို လိုက်တယ်။ မြန်မာဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ ဗဟိုချုပ်။ စိတ်ကြွဆေးထုတ်လုပ်ဖြန့်ချိနေတဲ့နိုင်ငံ။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံ။ ဆာလောင်မွတ်သိပ်မှုဘေး အပြင်းထန်ဆုံး ကြုံနေရတဲ့ နိုင်ငံတွေစာရင်းမှာ အဆင့် ၆ ။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသရွေ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အရှေ့ကို ရောက်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့လည်း ဂျူလီဘစ် ရှော့က လက်ရုံးဆန့်ခဲ့တယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ ဆက်လက် ဆိုးရွားမလာအောင် တားဆီးပေးဖို့၊ လူသားချင်းစာနာမှုမစ်ရှင်တွေ အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ စိတ်ပိုင်းဖြတ်မှုတွေအတိုင်း ဆက်လက်အကောင် အထည်ဖော်သွားဖို့လည်း ဂျူလီဘစ်ရှော့က တောင်းဆိုခဲ့တယ်။

အဲဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်မှာ ကျင်းပခဲ့တာနဲ့  ဂျူလီဘစ်ရှော့က ဦးဝင်းမြင့်ကို မြန်မာနိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို့ တရားဝင်သုံးစွဲခဲ့တာက သူ့ရဲ့ မြန်မာ့အရေး ရပ်တည်ချက်ကို အထူးပြုဖော်ပြလိုက်ခြင်းလည်း ဖြစ်တယ်။

ပြီးတော့ ဘေဂျင်းနဲ့ မင်းအောင်လှိုင်ကြား ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ကုလရင်ပြင်မှာ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး တွေ့ရှိချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ခြင်းက နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးဆိုတဲ့စကားကို အမှတ်ရစရာပါ။

ဘေဂျင်းနဲ့ မင်းအောင်လှိုင်ကြား ပူးတွဲကြေညာချက်ထဲမှာ တရုတ်နိုင်ငံအနေနဲ့ အာဆီယံနဲ့ကုလသမဂ္ဂမှာ အာဏာသိမ်းစစ်အုပ်စု အစိုးရတု တရားဝင်မှုရရှိရေးအတွက် ထောက်ခံသွားမယ်လို့ ဆိုထားပါတယ်။

တရုတ်ရဲ့ ထောက်ခံမှုက ကုလသမဂ္ဂမှာ ဘယ်လောက် အရာထင်နိုင်မှာလဲ။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ အာဏာသိမ်းစစ်အုပ်စု အစိုးရတုကို လက်တွေ့ကျတဲ့ အရေးယူမှုတွေ မလုပ်နိုင်ဖို့ တရုတ်အစိုးရက ဗီတိုအာဏာသုံးကာ ပယ်ချနိုင်တဲ့ အခွင့်အရေးရှိပေမဲ့ ကုလသမဂ္ဂမှာ စစ်အုပ်စု အစိုးရတု တရားဝင်မှုရဖို့ တရုတ်အနေနဲ့ ဗီတိုအာဏာလည်း မရှိ၊ ဖိအားပေးနိုင်စွမ်းမှာလည်း အကန့်အသတ် ရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး အာဏာသိမ်းစစ်အုပ်စုကိုယ်စားလှယ်ကို ခန့်အပ်နိုင်ဖိုဆိုရင်  တရုတ်နဲ့ အာဏာရှင်နိုင်ငံတစုရဲ့မဲက ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ မဲကို ကျော်လွန်ဖို့ လိုပါမယ်။ အခုကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ထုတ်ဖော်ပြောကြားချက်တွေက ကုလသမဂ္ဂရင်ပြင်မှာ အာဏာသိမ်းစစ်အုပ်စု နေရာမရဖို့ သက်ရောက်မှု များစွာ ရှိပါမယ်။ ဒါ့ကြောင့် ကုလသမဂ္ဂမှာ စစ်အုပ်စုတရားဝင်မှု ပြန်ရဖို့ဆိုတာ ရာခိုင်နှုန်းအင်မတန် နည်းလှပါတယ်။

အာဆီယံမှာရော တရုတ်ရဲ့ ဖိအားကြောင့် မင်းအောင်လှိုင် ခေါင်းပေါင်းစ ထောင်နိုင်ဖို့ အလားအလာ ရှိပါသလား။ လက်ရှိမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့က နေပြည်တော်သို့ လမ်းဖောက်ကာ မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံမှုတွေ စတင်နေပြီး စစ်အုပ်စုကို လိုလားတဲ့ အာဆီယံနိုင်ငံတချို့လည်းရှိနေပေမဲ့ ဒါဟာ တရားဝင်မှု ပြန်ပေးဖို့ လုံလောက်တဲ့ အချက်အလက်တော့မဟုတ်ပါဘူး။

မင်းအောင်လှိုင်ဘက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက ပထမ အရေးကြီး အချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို မရပ်ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး ဟန်ဆောင် ပန်ဆောင် ဆွေးနွေးပွဲတွေ လုပ်ပြဖို့ လိုပါမယ်။

ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ရာ မင်းအောင်လှိုင်အနေနဲ့ သေမတတ် ကြောက်ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ သမ္မတအာဏာတောင်းတာ မပေးလို့ အာဏာသိမ်းခြင်းဖြစ်ကြောင်း ကမ္ဘာကို ဒေါ်အောင်ဆန်းစုကြည် ဖွင့်ချမှာ ကြောက်ရပါတယ်။

လက်ရှိအချိန်ထိ မင်းအောင်လှိုင်သွားနေတဲ့ ခြေလှမ်းတွေက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြန် မလွှတ်၊ အာဆီယံဘုံသဘောတူညီချက်တွေကိုလည်း ဘာဆိုဘာမှ မဖော်ဆောင်ဘဲ နိုင်ငံတကာမှာ တရားဝင်မှု ရရှိရေးအတွက် တရုတ်ထံ တိုင်းပြည်ရောင်းစားကာ မျက်ရည်ခံထိုး သစ္စာခံခြင်းပါပဲ။

တရုတ်ထောက်ခံမှုဟာ မင်းအောင်လှိုင်အာဏာ သက်ဆိုးရှည်ရေးအတွက် အရေးပါပေမဲ့ တရုတ်ဖိ အားကြောင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ တရားဝင်မှု ပြန်ရဖို့ဆိုတာကတော့ ဝေးနေပါသေးတယ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013