
ကျောက်မဲမြို့ကို ပြန်ရသွားတဲ့ စစ်ကောင်စီတပ်အနေနဲ့ သီပေါမြို့ကို ဆက်ပြီး ထိုးစစ်ဆင်ဖို့အတွက် စကခ ၁၂ တပ်မမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနဲ့ အဖွဲ့ကို တာဝန်ပေးလိုက်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ကျောက်မဲမြို့ကို အောက်တိုဘာ ၂ ရက်က ဌာနဆိုင်ရာတွေ ပြန်ဝင်ခဲ့ပြီး စကခ ၁၂ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်လွင်စိုးနဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးရဲထွန်းဦး ကိုယ်တိုင် နေရာချ ကြိုဆိုခဲ့တယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။
“လားရှိုးတိုက်ပွဲတုန်းက ထောင်ပွင့်သွားတဲ့ကိစ္စနဲ့ စစ်ဆေးခံနေရတယ်ဆိုတဲ့ စကခ ၁၄ က ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက သီပေါထိုးစစ်အတွက် ကျောက်မဲမှာ ပြန်ရောက်နေတယ်။ ရတခတပ်တွေရော ပါတယ်။ နည်းဗျူဟာမှူးက ဗိုလ်မှူးကြီးရဲထွန်းဦး။”
ကျောက်မဲမြို့ကို တိုက်တဲ့အထဲမှာ တပ်မ ၁၁ နဲ့အတူ စကခ ၁၂ လည်း ပါဝင်ပြီး မြို့ပြန်ရပြီးနောက် တပ်မ ၁၁ ဒုတပ်မမှူးကို မြို့ပြန်လည်တည်ဆောက်ရေးအတွက် ထားကာ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်ဖို့အတွက် စကခ ၁၂ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်လွင်စိုးကို တာဝန်ပေးခဲ့တာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။
“ကျောက်မဲပြန်တိုက်တာ အဖွဲ့တွေ အများကြီးပဲ။ ပြန်ရရင် မြို့တည်ဆောက်ရေးက တဖွဲ့၊ နောက်အဖွဲ့တွေက ကျန်တဲ့မြို့ကို ထပ်တိုက်၊ အဲ့လိုပလန်နဲ့သွားတာ။ တပ်တွေအကုန်ပါတယ်။ အခု ကျောက်မဲရတော့ တပ်မ ၁၁ က တပ်မမှူးကို မြို့တည်ဆောက်ရေးအတွက်ထားပြီး တပ်မနဲ့အတူ တိုက်နေတဲ့ စကခ ၁၂ က တပ်မမှူးကို သီပေါထိုးစစ်အတွက် တာဝန်ပေးလိုက်တာ။”
စစ်တပ်အာဏာသိမ်းပြီး တာချီလိတ် စစ်ဗျူဟာအခြေချ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးကို စစ်ခေါင်းဆောင်က ၂၀၂၄ ဇူလိုင်လမှာ ဗိုလ်မှူးချုပ်ရာထူး တိုးပေးကာ စကခ ၁၄ စကခမှူး တာဝန်ပေးပြီး ရှမ်းမြောက်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲမှာ အကျဥ်းထောင်ဖွင့်ပေးခဲ့လို့ စစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ၆ လအကြာမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စကခ ၁၂ တပ်မှူးအဖြစ် ခန့်ခဲ့တာပါ။
ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးရဲ့ တပ်တွေဟာ နောင်ချိုနဲ့ ကျောက်မဲ စစ်ဆင်ရေးတွေမှာ တပ်မ ၁၁ နဲ့အတူ ပါဝင်ခဲ့ပြီး ကျောက်မဲပြန်ရပြီးနောက် သီပေါထိုးစစ်အတွက် အောက်တိုဘာ ၁ ရက်က တာဝန်ပေးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။











