
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ အိုလံပီယာမြို့က အောက်လွှတ်တော်နဲ့ ၁၀ မိနစ်ခရီးမှာရှိတဲ့ အစိုးရသစ်တောနားက မြေကွက်ကျယ်တွေမှာ ကြီးထွားနေတဲ့ သစ်ပင်စိုက်ခင်းတွေနဲ့ နည်းပညာမြင့် ဖန်လုံအိမ်တခုတို့နဲ့ ပြည့်နှက်နေပါတယ်။
ဝါရှင်တန်ပြည်နယ် သဘာဝသယံဇာတဌာန (WA DNR) က ပိုင်တဲ့ ဝက်ဘ်စတာ သစ်တောပျိုးခင်းဟာ အမေရိကန်ပြည်ထောင်စုမှာ အစိုးရက စီမံခန့်ခွဲတဲ့ ပျိုးဥယျာဉ် အနည်းငယ်ထဲက တခုပါ။
ဝက်ဘ်စတာ သစ်တောပျိုးခင်း မန်နေဂျာ ကီလာဘန့်ချ်က “ကျနော်တို့မှာ သစ်ပင်ပေါင်း သန်း ၉၀၀ လောက်ရှိပြီး တစ်ဘီလီယံဆီကို ချီတက်နေပါတယ်” လို့ ပြောပါတယ်။
သူက ၁၉၅၇ ခုနှစ် ပျိုးခင်းဖွင့်လှစ်ချိန်ကစပြီး ဒေသတွင်း သစ်တောတွေဆီ သစ်ပင်ဘယ်လောက် ပို့ပေးခဲ့ပြီ ဆိုတာကို ပြောခဲ့တာပါ။
ပျိုးခင်းဟာ ကမ်းရိုးတန်း မိုးသစ်တောတွေ၊ တောင်ပေါ်ဒေသ ပေါက်ပင်တွေနဲ့ ကန္တာရချိုင့်ဝှမ်းဒေသ ပေါက်ပင်တွေဆီက မျိုးစေ့တွေကို စုဆောင်းထားပြီး မျိုးဗီဇထူးခြားတဲ့ သစ်ပင်အမျိုးအစား ၃၀၀ ကျော်ကို ပြုစုပျိုးထောင်ပေးပါတယ်။
အမေရိကန် သစ်တောဝန်ဆောင်မှုအဖွဲ့ (USFS) နဲ့ သဘောတူညီချက် ရထားတဲ့ အိမ်နီးချင်းကောင်း သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အစိုးရပိုင်မြေ၊ ပုဂ္ဂလိကသစ်တောတွေနဲ့ ပြည်ထောင်စုမြေတွေပေါ်မှာ သစ်တောပြန်လည်စိုက်ပျိုးရေးအတွက် နှစ်စဉ် သစ်ပင်တွေ အကြမ်းဖျဉ်း ၈ သန်းကနေ ၉ သန်းလောက်ကို ပေးပို့ထားတယ်လို့ ဘန့်ချ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အိမ်နီးချင်းကောင်း အာဏာပိုင်အဖွဲ့ဟာ USFS ကို ဝါရှင်တန် သဘာဝသယံဇာတဌာန DNR လိုမျိုး အစိုးရ သစ်တောအေဂျင်စီတွေနဲ့ သဘောတူညီချက်တွေ ရယူခွင့်၊ သတ်မှတ်ထားတဲ့ တောမီးလောင်မှု၊ သစ်တောပြုန်းတီးမှုနဲ့ ဝက်ဘ်စတာ သစ်တောပျိုးခင်းလို ကိစ္စမျိုးမှာ သစ်တောပြန်စိုက်တာ အပါအဝင် သစ်တောစီမံခန့်ခွဲမှုတွေကို လုပ်ဆောင်ဖို့ ခွင့်ပြုထားပါတယ်။
အမေရိကန်မှာ သစ်ထုတ်လုပ်မှုကို ချက်ချင်းချဲ့ထွင်ဖို့ အခုနှစ်အစောပိုင်းမှာ ထုတ်ပြန်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမိန့်အမှတ် ၁၄၂၂၅ ဟာ အနာဂတ်မှာ အမျိုးသားသစ်တောဧက သန်း ၃၀၀ နီးပါးကို သစ်ခုတ်ခြင်းအန္တရာယ်ထဲမှာ ကျရောက်စေနိုင်ပါတယ်။
ပစိဖိတ်အနောက်မြောက်ပိုင်းမှာ နိုင်ငံတော်သစ်တောတွေ အမြောက်အမြားကနေ သစ်ထုတ်ပြီဆိုရင် DNR က နောက်ပိုင်းနှစ်တွေမှာ သစ်တောပြန်စိုက်တာကို ပံ့ပိုးကူညီဖို့ ဝင်လာနိုင်ပါတယ်။
ဖန်လုံအိမ်မန်နေဂျာ ဂျက်ကော့ဘ်ဝစ်ခရက်ဖ်က “ကျနော်တို့ အကြိုက်ဆုံး အပိုင်းကတော့ ပျိုးပင်တွေ အားလုံးကို သေတ္တာတွေထဲ ထုပ်ပိုးပြီး သူတို့အားလုံးကို သူတို့လမ်းကြောင်းပေါ် ပို့လိုက်တဲ့အခါ လောကကြီးထဲကိုသွားမယ့် အရာတခု အောင်မြင်ကြီးပြင်းလာလို့ ပြီးမြောက်သွားတယ်လို့ ခံစားရတယ်” လို့ ပြောခဲ့ပါတယ်။
ဒီလိုအလုပ်မျိုးလုပ်ရတာ အများကြီး ဂုဏ်ယူတဲ့အကြောင်းနဲ့ အရမ်းကျေနပ်ရတယ်လို့လည်း ဂျက်ကော့ဘ်ဝစ်ခရက်ဖ်က ပြောပါတယ်။
Source: Reuters










