
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီခွဲလောက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ပုသိမ်မြို့ကနေ ရန်ကုန်မြို့ဘက်ကို မောင်းလာတဲ့ တိုယိုတာ မတ်ခ်-၂ (အဖြူရောင်) ယာဉ်ဟာ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာအနီး ရန်ကုန်-ပုသိမ်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄/၀ နဲ့ ၃၄/၁ ကြားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ပြီး လမ်းဘေးက ကုက္ကိုပင်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတယောက်က “သက်လတ်ပိုင်းအရွယ်တယောက်နဲ့ သက်ကြီးပိုင်း တယောက်တို့ သေဆုံးသွားတာ။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂ ယောက် ပေါ့။ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာ” လို့ ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သစ္စာရှင် လူမှုကယ်ဆယ်ရေးအသင်းယာဉ်နဲ့ ညောင်တုန်း မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်တာဝန်ရှိသူတယောက်က “အဝေးပြေးလမ်းတွေက မိုးရွာသွန်းထားတဲ့ဒဏ်နဲ့ လမ်းအသုံးပြုမှု များတာကြောင့် လမ်းချော်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ လမ်းဘေးတွေမှာလည်း သစ်ပင်တွေရှိတာကြောင့် သတိထားမောင်းသွားလာကြဖို့ အကြံပြုချင်တယ်” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်တာကြောင့် သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ ကို ပရဟိတအဖွဲ့တွေရော သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်ကလည်း ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၃၀/၁ နဲ့ ၃၀/၂ ကြားအရောက်မှာ မောင်းလာတဲ့ယာဉ် လမ်းဘေးမြောင်းအတွင်းကို ထိုးကျ တိမ်းမှောက်မှုကြောင့် လူတယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကလည်း ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ဘက်မှ မြန်အောင်မြို့နယ်ဘက်ကို မောင်းလာတဲ့ အိမ်စီးယာဉ်က လမ်းဘေးရှိ ကျွန်းပင်ကို ဝင်ရောက် တိုက်မိခဲ့တာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက်တို့ ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၃ ရက် မနက်ပိုင်းကလည်း ရန်ကုန်ဘက်ကနေ ပုသိမ်မြို့ဘက်ကို မောင်းလာတဲ့ အိမ်စီးကားတစီးဟာ ကံကုန်းမီးစက်ရုံအနီးအရောက်မှာ တဖက်ယာဉ်ကြောက မောင်းလာတဲ့ ဆိုင်ကယ်တစီးကို ဝင်ရောက်တိုက်ခဲ့တာကြောင့် ဆိုင်ကယ်ပေါ်ပါလာတဲ့ အရွယ်ရောက်ပြီး အမျိုးသမီး ၂ ယောက်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ည ၇ နာရီကျော်ကလည်း ရန်ကုန်-ပုသိမ်ကားလမ်း၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာအနီး မိုင်တိုင်အမှတ် ၂၉/၀ နဲ့ ၂၉/၁ ကြားမှာ မောင်းလာတဲ့ ပတ်ဆို တက္ကစီယာဉ်က ရပ်ထားတဲ့ ၁၂ ဘီးကုန်တင်ယာဉ်ကို အနောက်က ဝင်တိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား တယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။











