
နေပြည်တော် ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်မှာ ကား ၁ စီးက သစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက် ခဲ့တဲ့အတွက် အမျိုးသားတယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါကားဟာ ဇွန် ၂၅ ရက်ည ၉ နာရီဝန်းကျင်အချိန်က ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ ရွာတော်ဈေးမီးပွိုင့်အနီး အရှိန်လွန်ပြီး လမ်းလယ်ကျွန်းအပေါ်တက်သွားပြီးနောက် သစ်ပင်ကို ဝင်တိုက်မိကာ လမ်းပေါ်တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာပါဝင်သူက “တိမ်းမှောက်ခဲ့တဲ့ကားပေါ်မှာ အမျိုးသား ၃ ယောက်လိုက် ပါလာတာဖြစ်တယ်။ ယာဉ်မောင်းအမျိုးသားက သေဆုံးသွားတယ်။ နောက်ထပ် အမျိုးသားနှစ်ယောက်က ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်” လို့ ပြောပါတယ်။
ကားတိမ်းမှောက်မှုကို ပုဗ္ဗသီရိမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ကူညီလုပ်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် သေဆုံးခဲ့သူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စေတနာ(အေးငြိမ်းချမ်းသာ) လူမှုကူညီရေး အသင်းယာဉ်နဲ့ သဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမှုအသင်းယာဉ်တို့နဲ့ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။










