
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ဟာ အနောက်ရိုးမတောင်တန်းကြီးရဲ့ကြောပေါ်မှာ တောင်ရိုးအတိုင်း အရှည်လိုက်တည်ရှိတဲ့ မြို့ကလေးတမြို့ပါ။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆,၀၀၀ ကျော်အမြင့်မှာရှိတဲ့ တောင်ပေါ်မြို့ပါ။
ကန်ပက်လက်မြို့ကလေးရဲ့အမြင့်ကို သိသာအောင် နှိုင်းယှဉ်ပြရရင် လွန်ခဲ့တဲ့ တနှစ်ကျော်တုန်းက ကျနော်တို့အဖွဲ့ ၄ နာရီနီးပါး သေလုအောင် တက်ခဲ့ရတဲ့ ကရင်ပြည်နယ် ဇွဲကပင်တောင်နဲ့ နာမည်ကျော် ပေါင်းလောင်းတောင်ကြောပေါ်က ကျိုက်ထီးရိုးဘုရားတောင်တို့ကတော့ ပေ ၃,၀၀၀ ကျော်စီပဲ မြင့်ကြပါတယ်။ ပုပ္ပါးတောင်မကြီးဆိုရင် ပေ ၄,၀၀၀ ကျော် မြင့်ပါတယ်။ အခုပြောတဲ့ ဇွဲကပင်တောင်၊ ကျိုက်ထီးရိုးတောင်နဲ့ ပုပ္ပါးတောင်မကြီးတို့ဆိုတာ တောင်ထွတ်တောင်မြင့်တွေကို ပြောတာပါ။ မြို့နေရာအကွက်အကွင်းတွေမဟုတ်ပါဘူး။ အခု ကျနော်တို့ရောက်နေတဲ့ ကန်ပက်လက်ဆိုတာကတော့ မြို့ပါ။ ပေ ၆,၀၀၀ ကျော် တောင်ပေါ်မှာရှိတဲ့ မြို့ပါ။ တခါ မြို့ချင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ဆိုရင် ရှမ်းကုန်းပြင်မြင့်ပေါ်မှာရှိပြီး ချမ်းအေးတဲ့မြို့အဖြစ် ထင်ရှားတဲ့မြို့ပါ။ အဲဒီမြို့ဆိုရင်လည်း ပေ ၃,၀၀၀ ကျော်ပဲ မြင့်တဲ့မြို့ပါ။ ဒီလောက်ဆိုရင် ကျနော်တို့ ရောက်နေတဲ့ ကန်ပက်လက်မြို့ရဲ့ အနေအထားကို စာဖတ်သူများ ခန့်မှန်းလို့ ရနိုင်လောက်ပြီ ထင်ပါရဲ့။ တကယ်တော့ တောင်ကြောတခုပေါ်မှာတည်တဲ့ မြို့တွေထဲ ကန်ပက်လက်ဟာ အမြင့်ဆုံးမြို့တမြို့များ ဖြစ်နေလေမလား။
အခုဆိုရင် ကျနော်တို့ကားကလေး ပေ ၈,၀၀၀ ကျော်မြင့်တဲ့နေရာ ရောက်လာခဲ့ကြပါပြီ။ မကြာခင် ပေ ၁၀,၀၀၀ နီးပါးအမြင့်မှာရှိတဲ့ ဆယ်မိုင်စခန်းဆိုတာကို ရောက်တော့မှာပါ။ ဒီနေရာမှာ ဘယ်သူမဆို သတိထားမိစေနိုင်တဲ့အချက် နှစ်ချက်ရှိပါတယ်။ တချက်က ရာသီဥတုပါ။ နောက်တချက်က သစ်ပင်တွေပါ။
ရာသီဥတုအခြေအနေက တောင်ကွေ့တကွေ့ကို ကွေ့လိုက်တယ်ဆိုရင်ပဲ သိသိသာသာ အလင်းရောင်တွေ မှိုင်းမှိုင်းဝေသွားတာမျိုး လေကအစ ပိုပြီးတိုက်လာတာမျိုး၊ လေနဲ့နေရောင်ခြည် ထွေးလုံးရစ်ပတ်ဖြစ်ပြီး ကျစ်ကျစ်ခဲခဲ ဖြစ်လာတာမျိုး ရာသီဥတု ထူးခြားသွားပါတယ်။ ဒီလို ရာသီဥတု ချက်ချင်းပြောင်းသွားတော့ ကဗျာဆရာ မောင်သင်းခိုင် ရေးခဲ့တဲ့ ကဗျာတပုဒ် သတိရသွားပါတယ်။ သူက ရှမ်းပြည်ရောက်တော့ တနေ့တည်း သုံးရာသီဆိုပြီး ကဗျာရေးခဲ့တာပါ။
တစုံတရာ အေးမြတဲ့နေရာတချို့ကို ကျနော် ရောက်ဖူးပါတယ်။ ဒါပေမဲ့ ဟောဒီ တောင်ဇလပ်မြေ ဖြစ်တဲ့ ခေါ်နူးဇုမ်တောင်ရဲ့ အအေးက ဘယ်ဒေသက အအေးနဲ့မှမတူပါဘူး။ မခံမရပ်နိုင်လောက်အောင် အေးတဲ့ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံးဖြစ်တဲ့ တိုင်းပြည်တခုမှာလည်း ကျနော် နေခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခေါ်နူးဇုမ်တောင်ပေါ်က လေနဲ့ အလင်းရောင်က ကျနော် ရောက်ဖူးသမျှနေရာ ဘယ်နေရာနဲ့မှမတူပါဘူး။ အင်မတန်ထူးခြားနေသလို ဖြစ်နေပါတယ်။
နောက်တခုက သစ်ပင်တွေပါပဲ။ ကျနော်တို့ ကားကလေး ပေ ၈,၀၀၀ ကျော် အမြင့်ရောက်လာတဲ့အခါ လမ်းဘေးချိုင့်တွေထဲ ပေါက်ရောက်ကြတဲ့ သစ်ပင်တွေက မြင်ဖူးနေကျ တခြားသစ်ပင်တွေနဲ့ မတူဘဲ သစ်ပင်ဒီဇိုင်းတွေ သိသိသာသာ ပြောင်းလာတာ ကားပေါ်မှာပါလာတဲ့ သူအားလုံး တပြိုင်နက်တည်း သတိပြုမိကြတဲ့အထိပါပဲ။ အထူးသဖြင့် သစ်ပင်တွေဟာ တပင်လုံးနီးပါး အမည်းရောင်ဘက် ပြောင်းသွားကြတာမျိုး၊ သစ်ကိုင်းတွေက အပေါ်ကို ဆက်မတက်ကြဘဲ တဝက်တပျက်မှာတင် အောက်ကို သစ်ကိုင်းတွေ ပြန်ပြီးချိုးချသလို ကိုင်းကျနေကြတာမျိုးက အမြင်အားဖြင့် ထူးဆန်းလွန်းနေပါတယ်။ အစတုန်းက တပင်တလောက်ပဲလို့ ထင်ခဲ့ပေမဲ့ တောင်မကြီးနဲ့နီးလာလေလေ သစ်ပင်တွေရဲ့ဒီဇိုင်းက လူတွေ မတ်တတ်ရပ် မြှောက်ထားတဲ့လက်တွေကို တံတောင်ဆစ်ကနေ အောက်ကို ပြန်ချိုးချသလို တွဲလောင်းကိုယ်စီ ဖြစ်နေတဲ့ မြင်ကွင်းတွေက သတိမပြုဘဲ နေလို့မရအောင်ကိုဘဲ မြင်ကွင်းတွေ ဆန်းကုန်ပါတယ်။ သစ်ပင်တိုင်း မီးလောင်ထားသလို မည်းမည်းခြောက်ခြောက် ဖြစ်ပါတယ်။ ကျနော့်စိတ်ထဲ ဒီနေရာကြီးဟာ မှော်ဆရာတွေ နေထိုင်တဲ့ မှော်ဝင်နေရာကြီးတခုလိုများ ဖြစ်နေသလားလို့ တွေးဖြစ်အောင် တွေးလိုက်မိပါသေးတယ်။ ဒါကြောင့်မို့ ဝတ္ထုထဲက စုန်းမကြီး ဒေါ်အိုစာရဲ့ သစ်ပင်တွေများလား တွေးလောက်မိပါသေးတယ်။
တောင်ဇလပ်ပန်းကတော့ တခြားသူတော့ မသိဘူး။ ကျနော်က ပန်းတွေကို တခုတ်တရ စိတ်ဝင်စားပြီး ချစ်တတ်သူဖြစ်တာမို့လား မသိဘူး၊ တောင်ဇလပ်ပန်းရဲ့ သွင်ပြင်ဟာ ကျနော့်စိတ်ထဲ သေတဲ့အထိ စွဲထင်နေစေတော့မယ့်ပန်း ဖြစ်လာခဲ့ပါတယ်။
ကားခဏရပ်ပြီး တောင်ဇလပ်ပန်းတွေကို ဓာတ်ပုံရိုက်ရတာ အားမရခဲ့ပါဘူး။ ကားလမ်းနဲ့ ခပ်လှမ်းလှမ်း တောင်ကုန်းတွေအထိ အပြေးအလွှားသွားပြီး ဓာတ်ပုံရိုက်ရပါတယ်။ အချိန်ကလည်း မရ၊ တောင်ထိပ်ဆက်တက်ဖို့ကလည်းရှိ ဆိုတော့ တောင်ဇလပ်ပန်းတွေ လိုက်ကြည့် လိုက်ရှာရတာ မလွယ်ပါဘူး။ ဒီကြားထဲ တောင်ဇလပ်ပန်းတွေက လမ်းနဲ့ ခပ်လှမ်းလှမ်းဝေးတဲ့ ချောက်တွေ ကျောက်စွန်းတွေမှာပဲ ရှိတာများတော့ စိတ်ကြိုက်ဓာတ်ပုံရိုက်ဖို့ မဖြစ်နိုင်ပြန်ပါဘူး။ ဒီလို အခြေအနေကြားကပဲ ကျနော်ကတော့ တောင်ကုန်း နှစ်ခုပေါ် ကင်မရာ တဖက်ကကိုင်ရင်း အပြေးအလွှား တက်ကြည့် တက်ရိုက်လိုက်ပါသေးတယ်။
ခေါ်နူးဇုမ်တောင်မှာ ပွင့်တဲ့ တောင်ဇလပ်ပန်းကို ကျနော် ဘာပြုလို့များ နှလုံးသားထဲ စွဲထင်သွားရလောက်အောင် ဖြစ်ခဲ့တာလဲဆိုတာ ခေါ်နူးဇုမ်တောင်က မြေပြန့်ပြန်ရောက် နှစ်လလောက်ကြာတဲ့အခါကျမှ ပိုသိလာတဲ့ သဘောပါပဲ။
မနေ့တနေ့ကပဲ ကဗျာဆရာ၊ ပန်းချီဆရာမလေးတယောက်က ရှမ်းပြည်ဘက်မှာ သူ တွေ့ထားတဲ့ တောင်ဇလပ်ပန်း ဆိုပြီး ဓာတ်ပုံရိုက်ပြီး သူ့အင်တာနက်စာမျက်နှာမှာ တင်ပါတယ်။ ကျနော် တွေ့ခဲ့ရတဲ့ ခေါ်နူးဇုမ်တောင်က တောင်ဇလပ်ပန်းနဲ့ လုံးဝမတူပါဘူး။ အရောင်အနုအရင့်ကအစ သိသိသာသာကြီးကို ကွဲပါတယ်။ ပန်းပုံသဏ္ဌာန်ကလည်း မတူသလောက်ပါပဲ။
ကျနော်က ခေါ်နူးဇုမ်တောင်ကအပြန် တောင်ဇလပ်ပန်းနှစ်ပွင့် ခူးလာခဲ့ပါတယ်။ မခူးရလို့ တားမြစ်ထားတာ သိပေမဲ့ စိတ်မထိန်းနိုင်လို့ နှစ်ပွင့်တော့ ခူးပါတယ်။ အဲဒီ တောင်ဇလပ်ပန်း နှစ်ပွင့်ကို ကားနောက်ခန်း ကျောပိုးအိတ်ထဲ ပလတ်စတစ်အိတ်နဲ့ထည့် လျှို့ဝှက်ပြီးယူလာခဲ့တာပါ။ အခု နှစ်လကျော်ပါပြီ။ ကျနော် ယူလာတဲ့ တောင်ဇလပ်ပန်းက အရွက်တင်မက အရွက်နဲ့အရိုးကပါ ကြေသွား ကြွေသွားတာမျိုး မဖြစ်ပါဘူး။ ပွင့်ဖတ်ကအစ ခြောက်နေပေမဲ့ မကြွေသွား မကြေသွားတာ တွေ့ရပါတယ်။ ကျနော့်အထင် နောက်ထပ် လချီနှစ်ချီကြာတဲ့အထိ ဒီအတိုင်းရှိနေဦးမယ်လို့ပဲ ထင်မိပါတယ်။
ဒီလိုနဲ့ ဆယ်မိုင်စခန်းကို ကျနော်တို့ ရောက်လာပါတယ်။
ဆယ်မိုင်စခန်းမှာ ရှိတဲ့သစ်ပင်တွေကို ကျနော် ဓာတ်ပုံရိုက်ပါတယ်။ ထူးဆန်းတဲ့ရာသီဥတုနဲ့ ထူးခြားလွန်းတဲ့ သစ်ပင်တွေကို ဓာတ်ပုံလိုက်ရိုက်ရင်းက ကျနော့်စိတ်ထဲ ငယ်စဉ်က ဖတ်ခဲ့ဖူးတဲ့ ပုံပြင်စာအုပ်တအုပ်ထဲ စုန်းမကြီး ဒေါ်အိုစာ နေထိုင်တဲ့ တောအုပ်ကလေးထဲက သစ်ပင်တွေကိုပဲ ပြန်မြင်လာမိပါတယ်။
ဟုတ်တယ်။ ခေါ်နူးဇုမ်တောင်ပေါ်က သစ်ပင်တွေဟာ လှပကြတာမှန်ပေမဲ့ မှော်ဝင်နေတဲ့ သစ်ပင်တွေအလား ထူးဆန်းလွန်းနေတာကတော့ အမှန်ပါပဲ။ ။










