
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ နှစ်စဉ်ကျင်းပနေကျ အောက်တိုဘာဖတ်စ် ဘီယာပွဲတော်ကို အောက်တိုဘာ ၁ ရက်နေ့မှာ ညနေ ၅ နာရီ မတိုင်ခင်အထိ ပိတ်ထားခဲ့ပါတယ်။
မြူးနစ်မြို့ရဲ့ မြောက်ပိုင်းရှိ လူနေအဆောက်အအုံတခုမှာ မီးလောင်ပြီး လူတယောက် သေဆုံးသွားကာ ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာကြောင့် ပိတ်ထားလိုက်တာပါ။
အဓိက စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ အထူးတပ်ဖွဲ့တွေဟာ အောက်တိုဘာဖတ်စ် ဘီယာပွဲတော်နေရာမှ ၉ ဒသမ ၅ ကီလိုမီတာ ကွာဝေးတဲ့ မြူးနစ်မြို့ မြောက်ဘက်ရှိ ဧရိယာကို စုံစမ်းစစ်ဆေးနေပြီး အစောပိုင်းမှာ ရဲတပ်ဖွဲ့က ပြည်သူတွေအတွက် အန္တရာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ကြားခဲ့ရကြောင်း လူဖတ်များတဲ့ Bild သတင်းစာနဲ့ တခြားသတင်းအများအပြားမှာ ဖော်ပြပါရှိပါတယ်။
“လောလောဆယ် ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးနေပြီး ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ တခြားနေရာတွေကို စစ်ဆေးနေပါတယ်။ အဲဒီထဲမှာ ထယ်ရေးဇီယမ်ဗီးဇဲ အများပြည်သူနေရာလည်း ပါ၀င်နေတာကြောင့် အောက်တိုဘာဖတ်စ် ဘီယာပွဲတော်ကို ဖွင့်ချိန် နောက်ဆုတ်လိုက်ရတာပါ” လို့ မြူးနစ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထောမတ်စ် ရှဲလ်စ်ဟွန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မိသားစုအငြင်းပွားမှုတခုအတွင်း လူနေအိမ်အဆောက်အအုံကို တမင်တကာ မီးရှို့ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
နေရာမှာတွေ့ရှိသူတယောက် သေဆုံးနေပြီး တခြားတယောက် ပျောက်ဆုံးနေပေမဲ့ အန္တရာယ်ရှိတယ်လို့ မယူဆထားပါဘူး။
အဆောက်အအုံအတွင်း တွေ့ရှိရတဲ့ လျှို့ဝှက်တပ်ဆင်ထားတဲ့ ထောင်ချောက်တွေကို ဖယ်ရှားရှင်းလင်းဖို့ အထူးတပ်ဖွဲ့တွေကို ခေါ်ယူခဲ့ရတယ်လို့လည်း ရှဲလ်စ်ဟွန်းက ပြောဆိုပါတယ်။
Source: Reuters










