
ဂျာမနီနိုင်ငံ မြူးနစ်ချ် ပြည်နယ်အဆင့်မြင့် တရားရုံးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ဗာဒီ အလုပ်သမားသမဂ္ဂပွဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ထဲ ကားနဲ့ ၁ နာရီ ၄၃ ကီလိုမီတာ အရှိန်နဲ့ တမင်ဝင်တိုက်ခဲ့တဲ့ အာဖဂန်အမျိုးသား ဖာဟတ်အန်ကို ဩဂုတ် ၆ ရက်မှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမျိုးသမီးတယောက်နဲ့ သူ့ရဲ့ ၂ နှစ်ခွဲအရွယ် သမီးလေး သေဆုံးခဲ့ရပြီး တခြားလူ ၄၀ ကျော် ဒဏ်ရာရခဲ့တာပါ။
ဖာဟတ်အန်ကိုတော့ လူသတ်မှု ၂ မှု၊ လူသတ်ရန် ကြံစည်မှု ၂၃ မှု၊ အပြင်းအထန် ဒဏ်ရာရစေမှု ၁၉ မှု၊ သာမန် ဒဏ်ရာရစေမှု ၃ မှုနဲ့ လမ်းပန်းဆက်သွယ်ရေးကို အာဃာတနဲ့ ပြင်းထန်စွာ နှောင့်ယှက်မှု တမှုတို့နဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
တရားရုံး ပြောရေးဆိုခွင့်ရှိသူ လောရင့် လာဖလိုက တရားခံရဲ့ပြစ်မှုဟာ လွန်စွာမှ ကြီးမားတာမို့ ပြစ်ဒဏ် ၁၅ နှစ်ပြည့်လို့ ခံဝန်နဲ့ လွတ်ငြိမ်းခွင့် ရဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောပါတယ်။
တရားခံဟာ "အစွန်းရောက် ဘာသာရေး လှုံ့ဆော်မှု" ကြောင့် မွတ်စလင်နိုင်ငံတွေမှာ ခံစားနေရတဲ့ ဒုက္ခတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီမှာရှိတဲ့ တွေ့ရာလူတွေကို သတ်ဖြတ်ဖို့ တာဝန်ရှိတယ်လို့ သူ့ကိုယ်သူ ယူဆထားတာပါ။
လူအများဆုံး သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြိုတင်ပြင်ဆင်ခဲ့ပြီး သူ့ရဲ့ ကြွေးမြီတွေကိုတောင် ကြိုတင်ဆပ်ခဲ့တယ်လို့ တရားရုံးက သုံးသပ်ထားပါတယ်။
တရားသူကြီးချုပ် မိုက်ကယ် ဟိုးနီက အမိန့်စီရင်ချက် ဖတ်ကြားရာမှာ ထိခိုက်ဒဏ်ရာတွေရဲ့ ပြင်းထန်မှုကို ခန္ဓာဗေဒဆိုင်ရာ အသေးစိတ်အထိ ထည့်သွင်းပြောပါတယ်။
နစ်နာသူ အများစုဟာ ဒီနေ့ထိ အလုပ်မလုပ်နိုင်ကြသေးဘဲ နောက်ထပ် ခွဲစိတ်မှုပေါင်းများစွာ ခံယူဖို့ လိုနေသေးသလို စိတ်ချောက်ချားမှု လွန်ကဲရောဂါ (PTSD) ကိုလည်း ပြင်းထန်စွာ ခံစားနေရတုန်းပါ။
တရားလိုရှေ့နေ ဒေးဗစ် မူးအယ်လ်ဘာဂါရဲ့ အဆိုအရ တရားခံဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ မမြင်တဲ့အပြင် နောင်တရတာ၊ တောင်းပန်တာမျိုး လုံးဝမလုပ်ခဲ့ဘဲ တရားရုံးနဲ့ အစိုးရရှေ့နေရုံးကိုပဲ ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။
၆ လတာ အမှုစစ်ဆေးစဉ်အတွင်းမှာလည်း သူ့ကိုယ်သူနဲ့ သူ့မိသားစုက လွဲရင် နစ်နာသူတွေကို လုံးဝ ဂရုမစိုက်ခဲ့တာကြောင့် အခု အမိန့်ချလိုက်တာက နစ်နာသူတွေအတွက် စိတ်ဒဏ်ရာတွေ ပြန်နိုးထလာစေခဲ့တယ်လို့ ဆိုပါတယ်။
Source: Reuters










