
ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော် အောက်တိုဘာဖက်စ်ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ၁၆ ရက်ကြာ ကျင်းပနေပါတယ်။
မြို့တော်ဝန် ဒိုမီနစ် ကရောက်ဇေက ပထမဆုံးဘီယာစည်ကို တူနဲ့ နှစ်ချက်ထုဖွင့်ပြီး ၁၉၁ ကြိမ်မြောက် ပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ပွဲတော်လာသူတွေဟာ ဘာဗေးရီးယားရိုးရာဝတ်စုံတွေနဲ့ ဘီယာမဏ္ဍပ်တွေမှာ စုဝေးခဲ့ကြပါတယ်။
သူတို့ဟာ ဘီယာသောက်ရင်း တီးဝိုင်းသံနဲ့အတူ သီချင်းဆို ကခုန်ခဲ့ကြပါတယ်။ ဘီယာအပြင် ပရက်ဇယ်မုန့်၊ ဝက်သားကင်နဲ့ ဝက်အူချောင်းတွေလည်း လူကြိုက်များပါတယ်။
အမေရိကန်ကလာတဲ့ အေဗာ လာဘွန်ချာက “အရမ်းသဘောကျတယ်၊ ပျော်စရာအငွေ့အသက်တွေ အပြည့်ပဲ၊ သိပ်မိုက်တယ်” လို့ ပြောပါတယ်။
လူအုပ်ပြည့်ကျပ်မှုကို ကြိုတင်သိနိုင်ဖို့ အေအိုင်ကင်မရာတွေ တပ်ဆင်ထားပြီး ရဲအင်အား ၆၀၀ လောက်လည်း ချထားပါတယ်။
ဓားနဲ့ အိတ်အကြီးတွေ ယူဆောင်တာ၊ ဒရုန်းလွှတ်တာနဲ့ ဆေးခြောက်သောက်တာတွေကိုလည်း တားမြစ်ထားပါတယ်။
ပွဲတော်ကို ဂျာမနီနဲ့ ကမ္ဘာတဝန်းက ဧည့်သည် ၆ သန်းလောက် လာရောက်မယ်လို့ မျှော်မှန်းထားပါတယ်။











