
ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာမြို့နဲ့ အနီးဝန်းကျင် ခရိုင်တွေမှာ ဆိုးရွားတဲ့ရာသီဥတုနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ကလေးတယောက် အပါအဝင် လူ ၉ ယောက် သေဆုံးခဲ့ရတဲ့ ထိခိုက်ပျက်စီးမှုတွေကနေ ရုန်းကန်နေရပြီး ကယ်ဆယ်ရေးသမားတွေလည်း ညလုံးပေါက် အလုပ်လုပ်ခဲ့ကြရကြောင်း ပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေဟာ ရေထဲမှာ ပိတ်မိနေတဲ့ လူတွေကို ဘေးလွတ်ရာ ခေါ်ဆောင်ပေးခဲ့ပြီး ကားတွေကိုလည်း ရွှေ့ပေးကာ အဆောက်အအုံတွေထဲက ရေတွေကို စုပ်ထုတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ပျောက်ဆုံးနေတဲ့ မိန်းကလေးတယောက်ကိုလည်း ခြေရာခံ ရှာဖွေခဲ့ပြီး မနက်အစောပိုင်းမှာ ပြန်ရှာတွေ့ခဲ့ကြောင်း အဲဒီဌာန တယ်လီဂရမ်ချန်နယ်မှာ ပြောထားပါတယ်။
အချိန် ၇ နာရီအတွင်းမှာပဲ အိုဒက်ဆာမြို့မှာ ၂ လစာနီးပါး မိုးရွာသွားခဲ့တယ်လို့ မြို့တော်ဝန် ဟန်နက်ဒီး တရုကာနော့ဗ်က တယ်လီဂရမ်မှာ အစောပိုင်းက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ကြိုးပမ်းလုပ်ဆောင်နေတာမှာ စုစုပေါင်း လူ ၃၆၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုက ထပ်လောင်းပြောကြားပါတယ်။
Source: Reuters










