DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ကြံ့ခိုင်ရေးပါတီထဲ ဝင်ပါက စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမည်ဟု မဲဆွယ်စည်းရုံးနေ
DVB
·
October 1, 2025
ပြည်မြို့တွင် ကြံ့ခိုင်ရေးပါတီထဲ ဝင်ပါက စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမည်ဟု မဲဆွယ်စည်းရုံးနေ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်တပ်ရဲ့ပါတီဖြစ်တဲ့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးရာမှာ ပါတီထဲဝင်ရင် စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး ပြောဆို စည်းရုံးနေပြီး အဲဒီလိုပြောဆိုတာဟာ ဥပဒေနဲ့ မညီဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

စက်တင်ဘာ ၂၆ ရက်က ပြည်မြို့ ကမ်းနားလမ်း ခရိုင်ကြံ့ခိုင်ရေးရုံးမှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရပ်ကွက် ကျေးရွာနေ ပြည်သူတွေနဲ့ တွေ့ဆုံကာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ လူထုတွေ့ဆုံပွဲ အမည်တပ်ပြီး အကြိုမဲဆွယ်စည်းရုံးတဲ့ပွဲကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက  ကြံ့ခိုင်ရေးပါတီ ရပ်ကျေးပါတီဝင်တွေက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို ဖိအားပေးပြီး ရပ်ကွက်နေ ပြည်သူတွေကို တတ်ရောက်ခိုင်းခဲ့တာပါ။

အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေရဲ့ ဖိအားကြောင့် ရပ်ကွက်အလိုက် ပြည်သူတွေက မဖြစ်မနေ တတ်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့၊ ရွေးကောက်ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီဖို့၊ သူတို့အစိုးရတက်တဲ့အခါ ပြည်မြို့က ကျူးကျော်ရပ်ကွက်တွေကို ရွှေ့ပြောင်းခိုင်းတာကို ယာယီရပ်ဆိုင်းပေးမယ်ဆိုတဲ့ အကြောင်းနဲ့ ကြံ့ခိုင်ရေးပါတီထဲ ဝင်တဲ့အခါ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ အကြောင်းတွေ ပြောဆိုစည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့ ဒေသခံတယောက်က “အဓိကက ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးဖို့၊ ဒီ ၂၀၂၅ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပါတီတွေ ဝိုင်းဝန်းကူညီဖို့၊ သူတို့ပါတီထဲဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ်ပေါ့နော်၊ စစ်မှုထမ်းအသက်ပြည့်တဲ့ အကျုံးဝင်တဲ့သူတွေဆိုရင် အဲ့လို ပြောဆိုစည်းရုံးတာတွေ ရှိတယ်။ ပြည်မြို့ပေါ်မှာဆိုရင် ကျူးကျော်ရပ်ကွက်တွေရှိတယ်။ ရထားလမ်းဘေးလိုဟာမျိုးပေါ့နော်။ လမ်းဘေးဝဲယာလိုဟာမျိုး။ အဲ့လိုနေရာက ပြည်သူတွေကိုလည်း တကယ်လို့ သူတို့အစိုးရတက်လာရင် ဆိုင်းငံ့အနေနဲ့ ထားရှိလို့ ရနိုင်တယ်။ သူတို့အနေနဲ့ ညှိနှိုင်းပေးမယ်ဆိုတာမျိုး တချို့ မက်လုံးတွေနဲ့ မဲဆွယ်စည်းရုံးခဲ့တယ်” လို့ ပြောပါတယ်။

မကွေးတိုင်း၊ ကံမမြို့မှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေက သူတို့ပါတီဝင် ဖြစ်တဲ့အခါ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ရှိတယ်ဆိုပြီး ပြောဆိုစည်းရုံးနေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ နိုင်ငံရေး အရင်းအမြစ်တွေကို ယူသုံးတာဟာ ဥပဒေနဲ့ မညီသလို အခုလို ဥပဒေကို လိုသလို လုပ်ဆောင်ခွင့်ရှိတယ်လို့ ပြောဆိုတာဟာလည်း နိုင်ငံရေးယန္တရား တခုလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ တည်ရှိနေတာကို မြင်သာစေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။

“နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲမှာ မဲဆွယ်တဲ့အခါ နိုင်ငံရေးအရင်းအမြစ်တွေကို ယူသုံးခွင့်မရှိသလို အခုလို ဥပဒေကို လိုသလို လုပ်ဆောင်နိုင်တယ်လို့ ပြောတာကလည်း နိုင်ငံရဲ့ အရင်းအမြစ်တခုကို ယူသုံးတာနဲ့ အဓိပ္ပာယ်တူတူပဲလို့ ပြောလို့ရတယ်။ ပိုဆိုးတာက နိုင်ငံရေး အင်စတီကျူးရှင်းတွေကို မတရားတဲ့နည်းလမ်းနဲ့ လွှမ်းမိုးနိုင်တယ်လို့ ဖော်ပြတာနဲ့ အတူတူပဲ။ ဒါက ဘာကိုဖော်ပြနေသလဲဆိုရင် နိုင်ငံရေးယန္တရား တခုလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ တည်ရှိနေတုန်းပဲ ဆိုတာကို ဖော်ပြနေသလို စစ်အုပ်စုက ဒီရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ မရရအောင် ဆိုးရွားတဲ့နည်းနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ဖျက်ဆီးပြီး ကျင်းပမယ်ဆိုတာကို အတိအလင်း ဖော်ပြနေတယ်။”

စစ်ကောင်စီဟာ သူတို့အရေးယူချင်သူကို ရွေးကောက်ပွဲဥပဒေ အကြောင်းပြပြီး အရေးယူတာ ရှိသလို သူတို့အရေးမယူချင်သူတွေကိုတော့ ဘယ်၌ပဒေချိုးဖောက်ပါစေ အရေးမယူတာ ရှိတယ်လို့လည်း ဥပဒေပညာရှင်တွေက ပြောကြပါတယ်။

စစ်ကောင်စီနဲ့ ထိပ်တိုက်မတွေ့လိုတဲ့ ဝါရင့် ဥပဒေပညာရှင်တယောက်ကတော့ ဥပဒေမရှိတဲ့ စစ်တပ်ကို ဥပဒေလမ်းကြောင်းအရ ပြောဆိုရတာ ပြည်သူလူထုကို အားနာကြောင်း သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

“သူတို့ကတော့ မဲဆွယ်တာပဲလေ၊ ပါးစပ်က လျှောက်ပြောတာပဲလေ၊ သူတို့ ကြံ့ခိုင်ရေးက ပြောတာလေ၊ ပြီး‌တော့ အဲဒါကိုလည်း အစိုးရက မလိုက်နာပါဘူး။ အဲဒါတွေက အစိုးရက လုပ်လည်း မလုပ်ပေးပါဘူး၊ ကင်းလွတ်ခွင့်လည်း မရပါဘူး၊ အရူးပြော အရူးယုံပဲလေ။ စိတ်မဝင်စားပါဘူး၊ သူတို့ ဦးတည့်ရာ လျှောက်ပြောနေကြတာပဲလေ။ စစ်တပ်ဆိုတာ ဘယ်တော့မှ ကတိမတည်ဘူး၊ ဘယ်သူ့ကိုမှ စော်ကားဖို့လည်း ဝန်မလေးဘူး၊ တရားဥပဒေလည်း မရှိဘူးပေါ့။ တရားဥပဒေ မရှိတဲ့သူတွေကို တရားဥပဒေစကားနဲ့ ပြောရတာ ပြည်သူလူထုကို အားနာပါတယ်။”

အာဏာသိမ်းစစ်တပ်က အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ပထမပိုင်းအဖြစ် မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအဆင့် ပါတီ ၆ ခုက ယှဉ်ပြိုင်မှာဖြစ်ပြီး ၅၁ ပါတီက ပြည်နယ်နဲ့ တိုင်း လွှတ်တော်မှာ ယှဉ်ပြိုင်မှာပါ။ ပါတီတွေထဲ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော်နဲ့ အများဆုံးဝင်ပြိုင်ဖို့ UEC ကို စာရင်းပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013