DVB Logo
Home
မြန်မာသတင်း
AA သိမ်းထားသည့် နတ်ရေကန်ဗျူဟာ ဂုတ်ကြီးစခန်းကို စစ်တပ် တန်ပြန်ထိုးစစ်ဆင်
DVB
·
October 1, 2025
AA သိမ်းထားသည့် နတ်ရေကန်ဗျူဟာ ဂုတ်ကြီးစခန်းကို စစ်တပ် တန်ပြန်ထိုးစစ်ဆင်
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာရဲ့ ကာကင်းတခုဖြစ်တဲ့ ဂုတ်ကြီးရွာ အခြေစိုက်စခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်နိုင်ပေမဲ့ စစ်တပ်ဘက်က လေကြောင်းဗုံးကြဲပြီး ကားအစီးရေ ၂၀ ကျော်နဲ့ တန်ပြန်ထိုးစစ်ဆင်လာပါတယ်။

တိုက်ပွဲတွေကြားထဲ ဂုတ်ကြီးရွာခံ ၁၀၀ နီးပါးကိုလည်း စစ်တပ်က တိမ်းရှောင်ခွင့်မပေးလို့ ပိတ်မိနေကြပါတယ်။

ကမ္ဘာလုံးစခန်းလို့ခေါ်ကြတဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာရဲ့ ကာကင်းတခုဖြစ်တဲ့ ဂုတ်ကြီးရွာစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

AA က စက်တင်ဘာ နောက်ဆုံးပတ်မှာ ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှာ သိမ်းပိုက်ရရှိခဲ့တဲ့ ဂုတ်ကြီးစခန်းဟာ စစ်တပ်ရဲ့ အဓိကကာကင်းတခုဖြစ်ပြီး နတ်ရေကန်စခန်းကို မျဉ်းဖြောင့်အတိုင်း ၂ မိုင်ဝန်းကျင်သာ ကွာဝေးတာ ဖြစ်ပါတယ်။

ရှေ့တန်းနဲ့နီးစပ်တဲ့ စစ်ရေးရင်းမြစ်တယောက်က “ဟိုအပေါ်က ကမ္ဘာလုံးစခန်းကို ချန်ထားခဲ့ပြီးတော့ အောက်က စခန်းလေးတွေကို အကုန်ပတ်ဝိုက်နေတာ။ ပတ်ဝိုက်နေတာမှာ ၂၈ ရက်နေ့က ဂုတ်ကြီးစခန်းကို ရတယ်။ ဒါပေမဲ့ လေယာဉ်ဗုံးက လာကြဲနေတုန်းပဲ။ တနေကုန် ပစ်နေတော့ကျတော့ အဲဒီမှာ တပ်တော်က နည်းနည်းခွာပေးထားတာ။ ပြန်ပြီး လုံးနေကြတာ။ ပြန်လုံးခိုင်းတယ်နဲ့ တူပါတယ်၊ ပြန်လုံးဖို့ အမိန့်ပေးတယ်နဲ့ တူပါတယ်။ တပ်မထဲဝင်သွားတာ ၃၁ စီး ဝင်သွားတာ။ ၁၉ စီးထွက်သွားတယ်။ နောက်ထပ် ၄ စီးလိုက်တယ်။ ၈ စီးပျောက်နေလို့ ကား ၈ စီး ပျောက်နေလို့ ဘယ်ရောက်မှန်းကိုမသိဘူး” လို့ ပြောပါတယ်။

ဂုတ်ကြီးစခန်းကျအပြီး စစ်တပ်က လေကြောင်းနဲ့ တရစပ် ဗုံးကြဲနေသလို မစခ-၉၀၅ ကနေလည်း အင်အားအပြည့်ပါတဲ့ စစ်ကားအစီးရေ ၂၀ ကျော်ကို စစ်ကူပို့ဆောင်ခဲ့တာပါ။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာလည်း နောက်ထပ် စစ်ကား ၄ စီး၊ ညနေ ၅ နာရီလောက်မှာ ကားကြီး ၁ စီးနဲ့ ကားလေး ၁ စီး၊ အောက်တိုဘာ ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာလည်း ကားကြီး ၂ စီးနဲ့ ကားသေး ၁ စီး ထပ်ပြီးတော့ နတ်ရေကန်ဘက်ကို လမ်းသစ်ဘက်ကနေ တက်သွားတယ်လို့ ဆိုပါတယ်။

လေကြောင်းဗုံးကြဲမှုတွေနဲ့ တိုက်ပွဲတွေကြောင့် ရွာခံအများစု စစ်ရှောင်သွားကြပြီ ဆိုပေမဲ့ ရွာခံတချို့ ပိတ်မိနေသေးတဲ့အကြောင်း ဂုတ်ကြီးရွာသားတယောက်က ပြောပါတယ်။

“လေယာဥ်ကတော့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ တောက်လျှောက်တက်ပြီး သွားကြဲနေပါတယ်ဗျာ။ နီးစပ်ရာ တောထဲ ယာထဲကို ရှောင်တဲ့သူရှိသလို စစ်ဘေးရှောင်အနေနဲ့ တောထဲလိုက်သွားတဲ့သူ တချို့လည်း ရှိကြတယ်။ စာရင်းပေးရပြီး ပြည်သူ့စစ်အဖွဲ့ဆိုရင် ပေးမဆင်းပါဘူး။ အန္တရာယ်ကင်းအောင် ရွာမှာ နေလို့ရအောင် တောင်ယာစိုက်ခင်းလုပ်လို့ အဆင်ပြေအောင်ဆိုပြီး လုပ်ရတဲ့သဘောပါ။ စိတ်လိုလက်ရတော့ မဟုတ်ပါဘူး။ ၉၀၊ ၁၀၀ တော့ ကျန်ခဲ့သေးတယ်။ ဆင်းလို့အဆင်မပြေတဲ့ အဘိုး အဘွားအိုတွေအပါ။ အခုသိမ်းလိုက်တော့ သတင်းမထုတ်ကြသေးတော့ သူတို့အခြေအနေကို သေချာမသိရသေးဘူး ဖြစ်နေတယ်။”

ရွာသား ၁၀၀ ဝန်းကျင်ဟာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းအထိ ပဒါန်းဘက်ကို မဆင်းနိုင်သေးဘဲ ဖုန်းတွေကိုလည်း စစ်တပ်ထောက်ခံသူတွေက သိမ်းထားတာကြောင့် အဆက်အသွယ် ပြတ်တောက်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့အကြောင်း သူကဆက်ပြောပါတယ်။

တဖက်မှာလည်း AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး အနီးဝန်းကျင်မှာရှိတဲ့ လင်းတဲ၊ စွန်တက်၊ လိုင်ရွာ၊ ပဇီရွာတွေ အထိကို ထိန်းချုပ်ထားနိုင်ပြီး ဂုတ်ကြီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

Google Map အတိုင်းဆို ပဒါန်းဘက်ကို ၁၉ မိုင်လောက်သာ ဝေးတာကြောင့် ဂုတ်ကြီးရွာကိုသာ AA တပ်တွေ ထိန်းချုပ်နိုင်ရင် နတ်ရေကန်ဗျူဟာအတွက် ထွက်ပေါက်ပိတ်သွားတဲ့အပြင် ကပစ-၁၄ ကို သိမ်းပိုက်ပြီး အမ်း-မင်းဘူးနဲ့ ပုသိမ်-မုံရွာလမ်းဆုံရာ ပဒါန်းမြို့အထိ တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးလာနိုင်ချေရှိကြောင်း  မြို့ခံတွေက ခန့်မှန်းနေကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013