DVB Logo
Home
မြန်မာသတင်း
အာရက္ခလောင်ပေါ်(ထီ) အရောင်းဌာနနည်းပါးမှု‌ကြောင့် ဝယ်ယူရ ခက်ခဲနေ
DVB
·
October 20, 2026
Photo: CJ
Photo: CJ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က ဖွင့်လှစ်ရောင်းချနေတဲ့ အာရက္ခလောင်ပေါ်(ထီ) ဟာ အရောင်းဌာန နည်းပါးတာကြောင့် ထီလက်မှတ်ဝယ်ယူဖို့ များစွာ ခက်ခဲမှုတွေ ရှိနေတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

အာရက္ခလောင်ပေါ်ထီ အရောင်းဌာနတွေကို မြို့နယ်အလိုက် အများဆုံး ၂ ခုသာ ထားရှိတာကြောင့် ဝယ်ယူသူ များပြားချိန်မှာ လောင်ပေါ်လက်မှတ် တစောင်ရရှိဖို့တောင် အတော်လေး ခက်ခဲနေတယ်လို့ မင်းပြားမြို့ခံတယောက်က ပြောပါတယ်။

“လောင်ပေါ်က ထိုးချင်ပေမဲ့ အလွယ်တကူ မရတော့ မထိုးဖြစ်ဘူး။ အရောင်းဌာနက တခုတည်းဆိုတော့ လူတွေက အဲဒီမှာပဲ စုပုံပြီး ထိုးကြရတယ်။ လူအရမ်းများတော့ လက်မှတ်တစောင် ရဖို့အရေးကလည်း မလွယ်ပါဘူး။ မနက်ကနေ ညနေထိ စောင့်ကြရတယ်။ တချို့ဆို စောင့်နေရင်း ကိုယ့်အလှည့်ကျမှ လက်မှတ်မရတော့လို့ ပြန်လာကြရတာလည်း ရှိပြန်တယ်။”

အာရက္ခလောင်ပေါ်ကို အာရက္ခတပ်တော်ရဲ့ အကောက်ခွန်ဌာနကနေ တိုက်ရိုက်ရောင်းချတာဖြစ်ပြီး ဒေသတွင်း တရားဝင် ကိုယ်စားလှယ်ပေးအပ်မှုတွေ ယခုချိန်ထိ ရှိလာသေးတာ မရှိပါဘူး။

အဲဒီလို တရားဝင် ကိုယ်စားလှယ်ပေးထားမှု မရှိပေမဲ့ လက်မှတ်ဝယ်ယူရ ခက်ခဲတဲ့ ပြဿနာကြောင့် ပြင်ပ တရားမဝင် လက်မှတ် အရောင်းအဝယ်တွေလည်း ပေါ်ပေါက်လာနေတယ်လို့ မြောက်ဦးမြို့ခံတယောက်က ဆိုပါတယ်။

“အပြင်မှာ ရောင်းတာတွေ ရှိပါတယ်။ ဟိုမှာသွားဝယ်ဖို့က အချိန်အကြာကြီး စောင့်ရမယ်။ ရချင်မှလည်း ရမယ်ဆိုတော့ အပြင်ကပဲ ဝယ်ကြတယ်။ အပြင်ကလည်း အကုန်မြန်တယ်။ မြန်မြန်ဝယ်လိုက်နိုင်မှ ရတာ။”

အာရက္ခလောင်ပေါ်ကို အာရက္ခတပ်တော်ရဲ့ အကောက်ခွန်ဌာနကနေ တရားဝင် သတ်မှတ်ဈေး တစ်စောင်ကို ၁,၀၀၀ ကျပ် ဖြစ်ပေမဲ့ ပြင်ပပေါက်ဈေးကတော့ ၁,၅၀၀ ကျပ် ရှိနေပါတယ်။

အာရက္ခလောင်ပေါ်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဧပြီလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တရားမဝင် ပြင်ပရောင်းချမှုတွေ ရှိလာတာနဲ့ ပတ်သက်ပြီး ဒေသတွင်း ဝေဖန်မှုတွေလည်း ရှိလာနေသလို အာရက္ခလောင်ပေါ်ကို မည်သူမဆို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013