
စစ်အာဏာရှင်လက်အောက်ခံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) တို့ ရှိကြတဲ့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော် (AA) က နေရာ ၃ ခုကနေ ချဉ်းကပ်ပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကို ကမ်းတက်တိုက်ပွဲဆင်နေစဉ်မှာ အာရက္ခတပ်တော်က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်ကာ ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဒကစ-စစ်တွေ လက်အောက်ခံတပ်တွေရှိတဲ့ ပါဒလိတ်ကျေးရွာအနီး တနေရာ၊ ကျားမသောက်နဲ့ တောကန်ရွာ ပတ်ဝန်းကျင်တနေရာနဲ့ ရွှေမင်းဂံရေတပ်အနီး တနေရာတို့မှာ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“စစ်တွေမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ရှိနေတုန်းပဲ။ အဓိကတော့ စစ်တွေရဲ့ ဒကစ လက်အောက်ခံ တပ်ရင်းတွေရှိတဲ့ ရွှေမင်းဂံ ရေတပ်အနီး၊ ကျားမသောက်နဲ့ တောကန်ရွာအနီးနဲ့ ပါဒလိတ်ရွာတွေမှာပါ ထိတွေ့တိုက်ပွဲတွေ ရှိနေကြတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူ၊ လက်နက်ကြီးတွေနဲ့ အတွဲလုံးဒုံးတွေကို အဓိကသုံးပြီး ပစ်ကူပေးနေတာတွေ ရှိတယ်။ ရေတပ်တွေလည်း လက်နက်ကြီးပစ်ကူတွေ ပေးတယ်။ အာရက္ခတပ်တော်ဘက်လည်း လက်နက်ကြီတွေနဲ့ ဒရုန်းပစ်ကူတွေကို အဓိကသုံးပြီး မြေပြင်ထိုးစစ်တွေကို ဟန်ချက်ညီ ဖော်ဆောင်နေတာ။”
လက်ရှိ စစ်တွေမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၄ မိုင်ဝန်းကျင်အကွာအဝေးထိ ရောက်ရှိလာနေပြီး စစ်တပ်ဘက်ကလည်း ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်က “ရန်နိုင်အောင်” စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ထိုးစစ်နဲ့အတူ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် စစ်ဦးကျိုးခဲ့ပြီးနောက် ပေါက်တောမြို့နယ် ငပြီကျွန်းဘက်ကို စစ်ဦးလှည့်ကာ ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပေါက်တောမြို့နယ် ငပြီကျွန်းကိုလည်း အောက်တိုဘာ ၁၈ ရက်က ထပ်မံကမ်းတက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောတစင်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ငပြီကျွန်းပေါ်မှာလည်း စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ရှိနေသလို စစ်အာဏာရှင်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ငပြီကျွန်းတိုက်ပွဲက ပြင်းနေတုန်းပဲ။ စစ်ကောင်စီဘက်ကလည်း ထပ်မံ အင်အားတွေ ဖြည့်တင်းပြီးနောက် ကျွန်းပေါ်က ခြေကုပ်ရရှိထားတဲ့ နေရာကို မဆုံးရှုံးအောင် ခုခံနေတယ်။ ကမ်းတက်လာတဲ့ သင်္ဘောလည်း လက်နက်ကြီးကျည်ထိလို့ မီးလောင်ပြီး အထိအခိုက်တွေ အရမ်းများတယ်။ မနေ့က ညအချိန်မှာလည်း ဂျက်ဖိုက်တာတွေ၊ Y-12 တွေနဲ့ ပတ်ပြီး ဗုံးကြဲသွားတာတွေ ရှိတယ်။”
ငပြီကျွန်းနဲ့ တဖက်ကမ်းရှိ ပေါက်တောမြို့နဲ့ မြို့နယ်တွင်းက ကျေးရွာတွေကိုလည်း အောက်တိုဘာ ၂၀ ရက် ညက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့ စစ်တွေ စစ်မျက်နှာနဲ့ ကျောက်ဖြူစစ်မျက်နှာတို့က ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဧရာဝတီ၊ မကွေး၊ ပဲခူးနဲ့ ချင်းပြည်တောင်ပိုင်းတို့ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တပြိုင်နက်တည်း လုပ်နေတာ ဖြစ်ပါတယ်။











