
ကရင်ပြည်နယ်၊ ဖာပွန်မြောက်ပိုင်းမှာရှိတဲ့ စစ်အာဏာရှင် တပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်ဖို့ ကြိုးစားနေတဲ့ လုံခြုံရေးစစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီးနောက် တခြားတပ်စခန်းတွေနဲ့ သွားရောက်ပူးပေါင်းနေတယ်လို့ KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်ရှိ စစ်တပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ် တိုက်ခိုက်တာကို ခံနေရပါတယ်။ လုံခြုံရေးစစ်ကြောင်းတွေ တိုက်ခိုက်ခံရတာကြောင့် တပ်စခန်းတွေနဲ့ သွားရောက်ပူးပေါင်းခဲ့ရပါတယ်။
ဗိုလ်မှူးကြီး စောကလယ်ဒိုက “ရှေ့တန်းစခန်းကို သူတို့ ရိက္ခာပို့ဖို့ လုံခြုံရေးတွေချပြီးတော့ စစ်ကြောင်းတွေနဲ့တက်လာပြီးတော့ လှုပ်ရှားတာပေါ့။ အဲဒါနဲ့ တပြိုင်တည်း ဒီဘက်ကအဖွဲ့တွေက သွားစောင့်ပြီးတော့ စောင့်ပစ်တဲ့အဖွဲ့တွေရှိသလို သူတို့ရဲ့ စခန်းကိုတက်ပြီးတော့ သွားတိုက်တာတွေလည်း ရှိတဲ့အခါကျတော့ သူတို့လာတဲ့ လမ်းလုံခြုံရေးအဖွဲ့တွေ တချို့တပ်စခန်းနဲ့ သွားပူးပေါင်းလိုက်ပြီ။ အဲတော့ လမ်းလုံခြုံရေးကို မချထားတော့ဘူး။ တခြားစခန်းတွေနဲ့ ပူးပေါင်းပြီးတော့မှ အဲဒီမှာ နေလိုက်တာပေါ့။ အခုထက်ထိ မြေပြင်အနေနဲ့ ရိက္ခာပို့ဖို့ သူတို့ မဖြစ်မြောက်တော့ဘူး။ အခုဆိုရင် သူတို့စခန်းမှာပဲ ဆက်လက်ပြီးတော့ တင်းခံပြီးတော့ နေ နေကျတာပေါ့။ သူတို့ တခြားဟာတော့ လှုပ်ရှားလို့မရသေးဘူး။ သူတို့ လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ခဲယမ်းမီးကျောက်ကတော့ လေယာဉ်ပျံနဲ့ပဲ လာချပေးတာပဲ ရှိတယ်”လို့ ပြောပါတယ်။
ဧပြီ ၂၄ ရက်က စပြီး တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်နဲ့ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်အစပ်မှာ ပိတ်ဆို့ခံထားရတဲ့ စစ်တပ်ရဲ့ ကဘောတူစခန်းကို KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိမှာ တပ်မဟာ ၅ နယ်မြေအတွင်း သိမ်းပိုက်ဖို့ ဖာပွန်ဗျူဟာအပါအဝင် တပ်စခန်း ၇ ခုလောက်သာ ကျန်ရှိပါတော့တယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “စကမဘက်က ရှေ့တန်းကိုစေလွှတ်ခြင်းခံရတဲ့ တပ်သားသစ်တွေက များပြားနေတာဖြစ်တဲ့အတွက် ရှေ့တန်းတိုက်ပွဲတွေမှာလည်းဘဲ တိုက်ပွဲ အတွေ့အကြုံမရှိဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက် မရှိဘူး။ အဲဒီအတွက်ကြောင့် တိုင်းရင်းသား ERO တွေနဲ့တွေ့ပြီးဆိုလိုရှိရင် စကမဘက်က စစ်ကြောင်းတွေ တပ်ဖွဲ့တွေကတော့ ဖရိုဖရဲနဲ့ အလဲလဲအကွဲကွဲ အပြိုပြို ဆက်ပြီးဖြစ်နေမှာပဲ။ နောက်တခုကကျတော့ တပ်မဟာ ၅ ဆိုတာက နာမည်ကြီးအဖွဲ့တွေ နေနေတဲ့ နေရာတွေဖြစ်တယ်။ ကွန်မန်ဒိုတွေနေနေတဲ့ နေရာတွေဖြစ်တယ်။ တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ တပ်မဟာနယ်မြေတွေ ဖြစ်တဲ့အတွက် စကမကတော့ ထိပ်တိုက် လုပ်ဖို့ဆိုရင်တော့ တော်တော်လေးကို ကြိုးစားရုန်းကန်ရလိမ့်မယ်”လို့ပြောပါတယ်။
ဒါအပြင် ရွေးကောက်ပွဲကာလ ပြီးဆုံးပြီးနောက်ပိုင်း တပ်မဟာ ၅ နယ်မြေအတွင်းက စစ်ရေးနဲ့မဆိုင်တဲ့ နေရာတွေကို စစ်တပ်က နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်နေပါတယ်။
ဧပြီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီလောက်က ဖာပွန် (မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ်၊ သံလွင်မြစ် ကမ်းနံဘေးက အူးမူးထာကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၁၀ လုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရသလို ထိုင်းနိုင်ငံဘက်ခြမ်းကို ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။










