
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဗဟန်းမြို့မရဲစခန်းကို “Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီကျော်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေကြပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်နေတဲ့ ဗဟန်းရဲတပ်ဖွဲ့စခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Operation Flame အဖွဲ့ တာဝန်ရှိသူက “လက်ပစ်ဗုံး ၂ လုံး အသုံးပြု ပစ်ခတ်တိုက်ခိုက်ထားတာပါ။ စခန်းဝင်းထဲ လုံခြုံရေးရဲကင်းနားအရောက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ညက ရန်ကုန်ထဲ အစစ်ဆေးတွေ တင်းကျပ်နေတဲ့ကြားထဲက လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ သိရတာကတော့ မစ်ရှင်အပြီး (--) စခန်းထဲ လူနာတင်ကား ဝင်သွားတာရှိတယ်။ ဘယ်နှယောက်ထိလဲ ဆိုတာမျိုးတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပါပဲ” လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးကို Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Operation Flame အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေ အားလုံးနဲ့ အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။










