
အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ယီမင်နိုင်ငံကဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်မှာရှိတဲ့ အရေးပါတဲ့ ပစ်မှတ်တခု၊ ပင်လယ်နီကမ်းခြေမြို့တမြို့ဖြစ်တဲ့ယန်ဘူရှိ ဆော်ဒီအာရမ်ကို စက်ရုံတွေနဲ့ ယီမင်နယ်စပ်အနီး ဂျာဇာန်ခရိုင်ထဲက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ဂျာဇာန်မှာရှိတဲ့ စစ်ဆင်ရေးခန်းမတွေ၊ ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးစခန်းတွေ၊ လက်နက်တိုက်တွေ အပြင် ဒုံးကျည်ပစ်လွှတ်တဲ့နေရာတွေနဲ့ စစ်စခန်းတွေကို ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နဲ့ ဒရုန်း အစီးရေ အမြောက်အမြားသုံးပြီး စစ်ဆင်ရေးတွေ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် တိုက်ခိုက်ခဲ့တာလို့ ဟူသီစစ်ရေးပြောခွင့်ရ ယာယာဆာရီယာက ပြောပါတယ်။
ဆော်ဒီအာရေဗျဘက်ကတော့ တာအိဖ်နဲ့ ယန်ဘူဧရိယာဘက်ကို ဟူသီတွေ ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၆ စင်းကို ကြားဖြတ်ဟန့်တား ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ရီယာ့ဒ်နဲ့ ဂျာဇာန် တိုက်ခိုက်ခံရတာနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ ချက်ချင်း အတည်မပြုသေးပါဘူး။
ဆော်ဒီမြို့ပြကာကွယ်ရေးဌာနက ဂျာဇာန်နဲ့ အနောက်မြောက်ဘက် ခရိုင်တခုဖြစ်တဲ့ တာဘူးခ် တို့မှာ အန္တရာယ်ရှိနိုင်ကြောင်း အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဟူသီစစ်ရေးပြောခွင့်ရက ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီရဲ့ စစ်အင်အား စုဆောင်းလှုပ်ရှားမှုတွေကိုပါ ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်ပြီး ကျူးကျော်မှုနဲ့ ပိတ်ဆို့မှုတွေ မရပ်သမျှ “ပိတ်ဆို့မှုကို ပိတ်ဆို့မှုနဲ့၊ တင်းမာအောင်လုပ်တာကို တင်းမာအောင်လုပ်တာနဲ့ တုံ့ပြန်မယ်” ဆိုတဲ့ မူဝါဒအတိုင်း တုံ့ပြန်သွားမယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။
Source: Reuters










