
ယူကရိန်းအတွက် လက်နက်တွေ ထုတ်လုပ်ပေးနေတဲ့ ဥရောပက စက်ရုံတွေဟာ ရုရှားအတွက် တရားဝင်ပြီး ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးပစ်မှတ်တွေ ဖြစ်တယ်လို့ ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက စက်တင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပနိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအထောက်အပံ့ပေးတာကနေတဆင့် ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး ဒီလိုလုပ်ဆောင်ချက်တွေက စစ်ပွဲအတွက် အဖြေရှာနိုင်မဲ့အချိန်ကို ကြန့်ကြာစေတယ်လို့ ဇာခါရိုဗာက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောလိုက်ပါတယ်။
ယူကရိန်းအတွက် ပက်ထရီရော့ ဒုံးခွင်းဒုံးတွေ ထုတ်မဲ့စက်ရုံကို လက်ခံထားရှိဖို့ ပိုလန်နိုင်ငံက အသင့်ရှိနေပုံရတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကို သူက တုံ့ပြန်ဖြေကြားခဲ့တာပါ။
NATO နဲ့ ဥရောပနိုင်ငံအများအပြားက ယူကရိန်းကို ဆက်ပြီး ပံ့ပိုးကူညီသွားမှာဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေကို ပြန်တွန်းလှန်ရာမှာရော၊ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပစ်ချရာမှာပါ ကူညီသွားမယ်လို့လည်း ပြောထားပါတယ်။
“ယူကရိန်းအတွက် လက်နက်ထုတ်လုပ်ပေးနေတဲ့ ဥရောပနိုင်ငံတွေက လက်နက်စက်ရုံတွေဟာ ရုရှားအတွက်ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးပစ်မှတ်တွေ ဖြစ်ပါတယ်။ ယူကရိန်းအစိုးရအတွက် လက်နက် ထုတ်လုပ်ပေးနေတဲ့ ယူကရိန်းနယ်မြေပြင်က စစ်ရေးစက်ရုံတွေဟာ ဘေးကင်းလုံခြုံလိမ့်မယ်လို့ မယူဆသင့်ပါဘူး။ အဲဒီလိုထင်မြင်ယူဆသူတိုင်း မှားယွင်းနေပါတယ်”လို့ ဇာခါရိုဗာက ပြောပါတယ်။
“ဥရောပနိုင်ငံတွေဟာ ယူကရိန်းပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပါတယ်။ သူတို့ဟာ အကူအညီပေးရုံသက်သက်မဟုတ်ဘဲ လက်နက်စက်ရုံတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ ဖွင့်လှစ်ခြင်းအားဖြင့် အပြည့်အဝ ပါဝင်ပတ်သက်နေကြတာပါ။ ဒါဟာ ဥရောပက အင်အားစုတချို့ ထင်မြင်ယူဆထားသလို ပဋိပက္ခကို အဖြေရှာနိုင်ဖို့ နီးကပ်စေမဲ့အစား ကြန့်ကြာစေရုံသာ ဖြစ်စေပါတယ်” လို့ သူက ထပ်ပြောခဲ့ပါတယ်။










