DVB Logo
Home
Lead Story
ကုလစင်မြင့်တွင် စစ်အုပ်စု ကိုယ်စားလှယ် မတွေ့ရ
DVB
·
September 30, 2025
ကုလစင်မြင့်တွင် စစ်အုပ်စု ကိုယ်စားလှယ် မတွေ့ရ
Donate to DVB

စစ်အုပ်စုသည် သံတမန်ရေးအရ အောင်ပွဲခံနေပြီဆိုကာ ပြော‌ဆိုရေးသားမှုများ ရှိနေသည်။ ယင်းသည် မင်းအောင်လှိုင် တရုတ်ပြည်ရောက်ပြီး ရှီကျင့်ဖျင်နှင့် လည်းကောင်း၊ မိုဒီနှင့် လည်းကောင်း၊ မော်စကိုတွင် ပူတင်နှင့်လည်းကောင်း လက်ဆွဲနှုတ်ဆက်ခွင့် ရသွားသည်ကို ရည်ညွှန်းပြောဆိုနေကြခြင်း ဖြစ်သည်။

တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က မင်းအောင်လှိုင် အာဏာသိမ်းပြီးချိန်ကစ၍ ခိုးကြောင်ခိုးဝှက် ထောက်ခံနေကြပြီး ယခုမှ လူမြင်ကွင်းထွက်၍ လက်ဆွဲနှုတ်ဆက်နေကြခြင်း ဖြစ်သည်။

သို့သော် ၎င်းသွားခဲ့သည့် ခရီးစဉ်များသည် နိုင်ငံတကာ အစည်းအဝေး‌ဘောင်အတွင်းက ဖြစ်သည်။ ယခုထိ ဘီဂျင်းနှင့် နယူးဒေလီတို့က နှစ်နိုင်ငံချစ်ကြည်ရေး အလည်အပတ်ခရီးအဖြစ် သီးခြား ဖိတ်ခေါ်ခြင်း မခံရသေးပေ။ နဂိုကတည်းက ထောက်ခံနေသူများ လူမြင်ကွင်း ထွက်လာပြီး နှုတ်ဆက်နေကြသည်ကိုကြည့်ပြီး စစ်အုပ်စု သံတမန်ရေးအရ အောင်ပွဲရနေပြီဟု ပြောဆိုနေခြင်းသည် အမှန်တရားနှင့် နီးစပ်မှုမရှိ ဖြစ်နေသည်။

တခုရှိသည်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မိတ်ဆွေရင်းခြာကြီးဖြစ်သော တီမောအား လတ်တလောတွင် ဆုံးရှုံးသွားခဲ့ရသည်သာ ရှိသည်။ တီမော၏ စစ်အုပ်စုအား ရဲရဲတောက် ဆန့်ကျင်နေမှုကို အာဆီယံနိုင်ငံများက မကြိုဆိုသည့်အတွက် နောက်ဆုံးတွင် အသင်းဝင်ခွင့်ရဖို့ အလျှော့ပေးလိုက်ရခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်ပ် အိမ်ဖြူတော် ပြန်ရောက်လာသည့် အချိန်ကစပြီး လစ်ဘရယ် ဒီမိုကရေစီသည် ကမ္ဘ့ာမျက်နှာစာတွင် နေရာပေးခြင်း မခံရတော့ဘဲ မှေးမှိန်စ ပြုနေသည်။ ပေါ်ပြူလစ်ဇင် ခေတ်ထလာသဖြင့် နိုင်ငံအများအပြားသည်လည်း ထိုအကြောင်းကို ရှေ့တန်းမတင်ရဲကြတော့။ အင်္ဂလန်တွင်ပင် “Make England Great Again” ဆိုသည့် ကြွေးကြော်သံ ခေတ်စားလာသည်။ ထိုသို့ ပြောင်းလဲလာနေသော ကမ္ဘာ့နိုင်ငံရေးမျက်နှာစာတွင် ဒီမိုက‌ရေစီအတွက် တိုက်ပွဲဝင်‌နေသော အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း သံတမန်ရေးအရ ထိုးစစ်ဆင်ရန် ယခင်ကထက် အဆပေါင်းများစွာ ပိုခက်လာနေရသည်။

ထို့အတွက် ရှေ့လျှောက် ဂီယာချိန်းနိုင်ရန် စက်တင်ဘာ ၄ ရက်နေ့တွင် NUG ခေါင်းဆောင်ပိုင်းသည် ဘယ်လ်ဂျီယံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

စစ်အုပ်စုက‌ဖြင့် အာဏာရှင်များနှင့် အတင်းကာရော ဖက်လှဲတကင်းလုပ်၍ ရနေဆဲဖြစ်သည်။ ၎င်းတို့ကိုလည်း one of us အဖြစ် လက်ခံနေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့ ထို့ထက်ပို၍ ခေါင်းထောင်မလာနိုင်သည်ကို ကုလသမဂ္ဂစင်မြင့်တွင် ထပ်၍ တွေ့လာရပြန်သည်။

ကမ္ဘ့ာနိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီးများ အသီးသီး မိန့်ခွန်း ပြောနေကြချိန်တွင် မင်းအောင်လှိုင်အဖို့က အနားကပ်ခွင့် မရရှာသဖြင့် ကာဇက်စတန်တွင် မည်သို့မျှ ဖြစ်မလာနိုင်သော တရုတ်၏ ရပ်ဝန်းနှင့် လမ်းစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဆိုသည့် အရည်မရ အဖတ်မရ အကြောင်းအရာများပြောရင်း ဓာတ်ပုံအရိုက်ခံရင်း လှည့်ပတ် အချိန်ဖြုန်းနေရပေသည်။ တိုင်းပြည်စီးပွား ဖွံ့ဖြိုးလာအောင်ပင် ဘာတခုမျှ မယ်မယ်ရရ လုပ်မပြနိုင်ဘဲ နိုင်ငံတကာ စီမံကိန်းများကို အကောင်အထည်ဖော်ဖို့ ပြောဆိုနေခြင်းသာ ဖြစ်သည်။

ကုလစင်မြင့်တွင် ပြောခွင့်ရသူများကဖြင့် မြန်မာအကြောင်းကို ပျစ်ပျစ်နှစ်နှစ် ပြောကုန်ကြပြီ ဖြစ်သည်။ ထိုအထဲတွင် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ၏ အချက် ၅ ချက်အပေါ် ယုံကြည်မှုရရှိရန် ဆက်၍ ကြိုးပမ်းသွားမည်ဟု ပြောဆိုသွားခဲ့သည်။ မြန်မာတွင် သဘောတူထားပြီးသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုများအပေါ် လွန်စွာ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

စစ်အုပ်စု သိထားရမည်က မြန်မာသည် ‌တသီးတခြားကြီး ရပ်တည်နေခြင်းမဟုတ်၊ ဒေသတွင်း တစိတ်တပိုင်းအဖြစ် ပါဝင်နေသည် ဆိုသည်ကို သတိမူသင့်ကြောင်း ပြောသွားခဲ့သည်။ မိမိတို့ကို ပစ်ပယ်ပြီး တရုတ်မျက်နှာပဲ ကြည့်၍ လုပ်၍ မရဟု ဆိုလိုခြင်း ဖြစ်သည်။ ယခုအခါ အင်အားကြီး နိုင်ငံများ၏ ပြိုင်ဆိုင်မှုသည် တောင်တရုတ်ပင်လယ်အတွင်းသာမက မြန်မာသို့ပါ ကူးစက်ပျံ့နှံ့ လာတော့မည့် အရေးကို စိုးရိမ်မကင်း ဖြစ်စပြုလာကြသည်။

တရုတ်နှင့် တစောင်း‌ဆေးနှင့် မျက်ချေး ဖြစ်‌နေသည့် ဖိလစ်ပိုင်သည် နောက်နှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတော့မည်ဖြစ်၍ တရုတ် ခြယ်လှယ်မှုကို ဆန့်ကျင်သွားမည့် တခုတည်းသော နိုင်ငံလည်း ဖြစ်သည်။

စစ်အုပ်စုသည် အနောက်ဘက်ခြမ်းတွင်လည်း ၎င်းတို့ လူတောတိုး၍မရ ဖြစ်နေသည့် ရိုဟင်ဂျာ ပြဿနာနှင့် ရင်ဆိုင်နေရပြန်သည်။

ဘင်္ဂလား‌ဒေ့ရှ်သည် အိမ်နီးချင်းနိုင်ငံကြောင့် ရိုဟင်ဂျာများပြီးလျှင် ဒုတိယမြောက် ဒုက္ခရောက်နေသည့် နိုင်ငံဖြစ်သည်ဟု ခေါင်းဆောင်ဖြစ်သူ မိုဟာမက်ယူနွတ်စ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

မြန်မာသည် ဒေသတည်ငြိမ်ရေးကို ခြိမ်းခြောက်နေရုံမက ရိုဟင်ဂျာများ ‌‌လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေး အလားအလာများပါ ပျက်သုဉ်းနေပြီဟု ဆိုသည်။

ယခုအခါ အကူအညီများ ဖြတ်တောက်ခံနေရသဖြင့် ရိုဟင်ဂျာများအား တလလျှင် ၆ ‌ဒေါ်လာ နှုန်းဖြင့်သာ ကျွေးနိုင်တော့မည်ဖြစ်သဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ နိုင်ငံတကာအနေဖြင့် ပို၍ တာဝန်ယူပေးကြပါရန်နှင့် စစ်အုပ်စုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုလည်း ဆတက်ထမ်းပိုးတိုး၍ ဖိအားပေးကြပါရန် တောင်းဆိုသွားခဲ့သည်။

ယူနွတ်စ်သည် စက်တင်ဘာ ၃၀ တွင် နယူးယောက်တွင် ရိုဟင်ဂျာအရေး ရန်ပုံငွေများ ရရှိရန်နှင့် တည်တံ့ခိုင်မြဲမည့် ဖြေရှင်းချက်တရပ် ရရှိရန်အတွက် ထိပ်သီးဆွေးနွေးပွဲ ခေါ်ယူထားပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း လူတသိန်းခွဲခန့် ထပ်မံ ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။ ထိုသို့သော အခြေအနေများကြားတွင် စစ်အုပ်စုအား ၎င်းတို့ဘာလုပ်လုပ် ထောက်ခံနေသော ရုရှားနှင့် တရုတ်တို့မှလွဲ၍ အခြားမည်သည့်နိုင်ငံများက ထောက်ခံရဲကြပေမည်နည်း။

တရုတ်သည် လက်ရှိ ကမ္ဘာစနစ်ကြီးအား နိုင်ငံပေါင်းစုံ တက်ညီလက်ညီ ဦးဆောင်မည့် multilateralism ဖြင့် သွားမည်ဟု ပြောနေသော်လည်း ၎င်းတို့၏ မြန်မာ့အရေး ကိုင်တွယ်မှုကို ကြည့်၍ မည်သူက စိတ်ချယုံကြည်ပေမည်နည်း။ ၎င်းတို့လိုလားသော လူများကို အာဏာသိမ်းခိုင်းမည်ဆိုက မခက်ပေလောဟု တွေးတောနေကြမည်သာ ဖြစ်သည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013