DVB Logo
Home
မြန်မာသတင်း
အီလက်ထရောနစ်မဲပေးစနစ်က မဲပေးသူများ၏ လူ့အခွင့်အရေး ချိုးဖောက်နိုင်
DVB
·
September 30, 2025
အီလက်ထရောနစ်မဲပေးစနစ်က မဲပေးသူများ၏ လူ့အခွင့်အရေး ချိုးဖောက်နိုင်
Donate to DVB

စစ်ကောင်စီ ရွေးကောက်ပွဲမှာ အသုံးပြုသွားမယ့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (Myanmar Electronic Voting System – MEVS) က မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို လုံခြုံမှုအတွက် အာမခံချက်မရှိတာနဲ့ မဖြစ်မနေ မဲပေးရမယ့် ပုံစံကြောင့် မဲပေးသူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သတိပေး သုံးသပ်ပါတယ်။

ကိုယ်ရေးအချက်အလက် UID နဲ့ စာရင်းသွင်းထားတဲ့ဒေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှတ်ပုံတင်ပြကာ မဲဆန္ဒပြုရတဲ့ စနစ်ဖြစ်တဲ့အတွက် ဒီအချက်အလက်တွေကို အသုံးပြုပြီး အစုလိုက်အပြုံလိုက် ထောက်လှမ်းရေးတွေ လုပ်လာမှာကို စိုးရိမ်ရကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတယောက်က သတိပေးပါတယ်။

“ဒီအီလက်ထရောနစ် မဲပေးတဲ့စနစ်ဆိုတာ ကိုယ်သဘောကျတဲ့ ကိုယ်စားလှယ်တွေ တယောက်မှ မပါဘူးဆိုရင် မဲမပေးဘဲ နေခွင့်မရှိတဲ့ စနစ်ပေါ့။ ဒီမဲရုံထဲဝင်သွားရင် တယောက်မဟုတ် တယောက်ကိုတော့ မဲပေးရမယ့် စနစ်ဖြစ်တယ်ပေါ့။ ဆိုတော့ ပယ်မဲ လုံးဝဖြစ်မယ့် အခြေအနေမျိုးတော့ မရှိဘူး။ အဓိက စိုးရိမ်ချက်ကတော့ ဒီ အီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးခဲ့တဲ့ အချက်အလက်တွေဟာ လျှို့ဝှက်မဲပေးစနစ် မဖြစ်မှာ စိုးရိမ်ရတယ်၊ ဒီအချက်အလက်တွေကို အသုံးချပြီးတော့ ကိုယ်ရေးအချက်အလက် Database နဲ့ တခြားသော Database တွေ တိုက်ဆိုင်ပြီးတော့ mass surveillance လုပ်မှာ အစုလိုက်အပြုံလိုက် စုံစမ်းထောက်လှမ်းရေးလုပ်မှာ ဖိနှိပ်မှုယန္တရားမှာ အသုံးပြုလာမှာကို စိုးရိမ်ရတယ်။”

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ မဲပေးဖို့ ဆန္ဒမရှိပေမဲ့လည်း အီလက်ထရောနစ် မဲပေးစနစ်ကြောင့် မဖြစ်မနေ မဲပေးရမှာကို လူထုတွေကြားမှာ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။ 

“အမှန်တိုင်းပြောရရင် လူတယောက်မှာ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဆိုတာတော့ ရှိတယ်။ ပေးချင်တဲ့ဆန္ဒရှိတဲ့ ပါတီကို ပေးမယ်၊ မပေးချင်တာကို မပေးဘူး။ အခုဟာက မပေးချင်တဲ့ ပါတီကိုလည်း မဖြစ်မနေ ပေးရမယ်၊ မပေးရင်လည်း တနည်းတဖုံနဲ့ အရေးယူမယ့် အရာမျိုးတွေ ရှိနေတဲ့အခါကျတော့ ဒါကြီးက တဖက်သတ်ဆန်လွန်းတယ်လေ။ သူတို့က မပေးရင် ဘယ်လိုလုပ်မယ် ဘာတွေလုပ်မယ် ဆိုတာ မျိုးစုံတွေ ကြားနေရတဲ့အခါကျတော့ နည်းနည်းတော့ စိတ်ပူမိတယ်။”

စစ်ကောင်စီကြေညာတဲ့ “မဲဆန္ဒရှင်တဦး၏ အခွင့်အရေးများ” ဖော်ပြချက်မှာတော့ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုပါက ပေးနိုင်ပြီး မပေးလိုပါက မပေးဘဲနေခွင့်ရှိသည်၊ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်  အခွင့်အရေး မဆုံးရှုံးစေရန်  အလေးထားရပါမည်လို့ ပါရှိပါတယ်။

ဒါဟာ လူ့အခွင့်အရေးတရပ်ဖြစ်ပေမဲ့ အီလက်ထရောနစ် မဲပေးစနစ်မှာတော့ မဲမပေးဘဲနေခွင့် မပါဝင်တာက အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေတာလို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတယောက်က မှတ်ချက်ပြုပါတယ်။ 

“e-voting စနစ်မှာ ‘မဲမပေးခွင့်’ ပါဝင်ခြင်းမရှိဘဲ မဲတခုကို မဖြစ်မနေ ပေးရမယ်ဆိုတာက ပြည်သူ့လွတ်လပ်မှုကို ကန့်သတ်တာဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ICCPR, ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံလွတ်လပ်ခွင့် ချိုးဖောက်နေတာဖြစ်တယ်။ Biometric, ID-link စနစ်တွေနဲ့ မဲပေးသူကို သိနိုင်ခြင်း၊ vote-tracking လုပ်နိုင်ခြင်းတို့ဟာ လူ့အခွင့်အရေးအရ ခြိမ်းခြောက်မှုဖြစ်တယ်။ အီလက်ထရောနစ်မဲပေးစနစ်ဟာ နည်းပညာအရ အဆင်ပြေတယ်ဆိုပေမဲ့ မဲမပေးခွင့်ကို ထည့်မထားတာ၊ လျှို့ဝှက်ရေး ချိုးဖောက်တာ၊ နည်းပညာသုံးစွဲမှုအရ မဲဆန္ဒရှင်ကို ခြိမ်းခြောက်နိုင်တာ စတဲ့အချက်တွေကြောင့် ပြည်သူ့အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို အလွန်အန္တရာယ်ရှိစေနိုင်တယ်။”

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းမယ်လို့ ကြေညာထားပြီး မြို့နယ်ပေါင်း ၂၇၄ မြို့နယ်မှာ ကျင်းပမှာဖြစ်ကာ ရွေးကောက်ပွဲအပိုင်း ၁ မှာတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာသာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၅၀ ကျော်ကို ရွေးကောက်ပွဲပျက်ပြားစေမှုနဲ့ စွပ်စွဲထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013