DVB Logo
Home
မြန်မာသတင်း
ဖွဲနှင့် ဆန်ကွဲဈေးက ဆန်ဈေးထက်မြင့်တက်နေ   
DVB
·
September 30, 2025
ဖွဲနှင့် ဆန်ကွဲဈေးက ဆန်ဈေးထက်မြင့်တက်နေ   
Donate to DVB

လတ်တလော ရန်ကုန်မြို့က ဘုရင့်နောင်နဲ့ ဝါးတန်း ဆန်ကုန်စည်ဒိုင်တွေမှာ ဆန်အဝယ်အေးသလို ဆန်ဈေးတွေလည်း မနှစ်ကထက်ကျနေပြီး ဖွဲဈေးနဲ့ ဆန်ကွဲဈေးက ဆန်ဈေးထက် မြင့်တက်နေတယ်လို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။

ဆန်ဈေးအကျက ၁၀၈ ပေါင်ပါ ဖွဲတအိတ်ကို ကျပ် ၅၀,၀၀၀ ကျော် ရှိနေပေမဲ့ ၁၀၈ ပေါင်ပါ ဆန်တအိတ်ကတော့ ကျပ် ၄၅,၀၀၀ လောက်သာ ဈေးရလို့ ကုန်သွယ်မှုလုပ်ငန်းတလျှောက်မှာ ထူးဆန်းတဲ့ အခြေအနေတခု ဖြစ်နေတယ်လို့ ဝါရင့်ဆန်ကုန်သည်တယောက်က ပြောပါတယ်။

“ဖွဲနုကလည်း ဈေးကောင်းတယ်။ ဖွဲနုတပေါင်ကို ၄၉၀ လောက် ရှိတယ်။ ၁၀၈ ပေါင်နဲ့ တွက်လိုက်ရင် ၅၀,၀၀၀ ကျော်နေပြီ။ ဆန်ဈေးက ၄၄,၀၀၀၊ ၄၅,၀၀၀ ဆိုတဲ့အခါကျတော့ ဖွဲဈေးကလည်း ဈေးပိုရတယ်၊ ဆန်ကွဲကလည်း ဈေးပိုရတယ်။ ဆန်ကသာ ဈေးအနိမ့်ဆုံးဖြစ်နေတာ။ ဒါကတော့ ဈေးကွက်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေပေါ့နော်။ ပုံမှန်မဟုတ်တဲ့ အခြေအနေကြီးက တကယ်တော့ နည်းနည်းထူးဆန်းတယ်ပေါ့။ ဈေးကွက်က ဒီအတိုင်းသွားမယ်ဆိုရင် မဟန်ဘူး။”

ဆန်ကုန်စည်ဒိုင်တွေမှာ အများဆုံးအရောင်းအဝယ်လုပ်ကြတဲ့ ဆန်နဲ့ ဆန်ကွဲမှာလည်း ဆန်ကွဲဈေးက ဆန်ဈေးထက်မြင့်နေပြီး ဆန်ကွဲကတော့ ပြည်ပတင်ပို့မှု ရှိနေပါတယ်။ မြန်မာ့ဆန်ကွဲကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေပြီး အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယမ်၊ ပိုလန်၊ နယ်သာလန် စတဲ့ ဥရောပနိုင်ငံတွေကလည်း ဝယ်ယူနေတာ ဖြစ်ပါတယ်။

ဆန်ကွဲဈေးကွက် အခြေအနေနဲ့ပတ်သက်ပြီး ဆန်ကွဲရောင်းဝယ်နေသူတယောက်က “ဆန်ကွဲက အကြီးပေါ့ Ex အရောင်းလေးလှမယ်၊ ပွင့်တယ်ဆိုရင် ၆,၅၀၀ လောက်ထိ တက်တယ်။ ဆန်ကတော့ အမြင့်ဆုံး ၆,၀၀၀ ပဲ။ ဆန်ကလည်း ဆန်သားပြည့်မှ ၈၀၊ ၈၅ မှ ၆,၀၀၀။ အရင်တုန်းကတည်းက ဆန်ဈေးနဲ့ ဆန်ကွဲဈေးက၊ ဆန်ကွဲဈေးက အောက်ကပဲလေ။ ဆန်ဈေးရဲ့ အောက်ကဖြစ်နေတာ။ အခုက ဆန်ဈေးက အောက်ရောက်ပြီး ဆန်ကွဲဈေးက အပေါ်ရောက်နေတာ” လို့ ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ဆန်ကွဲမပါဘဲ ဆန်သားချည်းရအောင် ကြိတ်ခွဲနိုင်တဲ့ စူပါ ၁၀၀ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတဲ့ အဆင့်မြင့်ဆန်စက်ကြီးတွေ အပါအဝင် ၁၀ မှတ်၊ ၂၅ မှတ်နဲ့ ၃၅ မှတ် ဆန်အရည်အသွေးများ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်ကြီးပေါင်း ၁,၇၀၀ ကျော် ရှိပါတယ်။

မြန်မာနိုင်ငံ ဆန်စက်အသင်းရဲ့ ခန့်မှန်းချက်အရ တခြားဆန်စက်ငယ်တွေပါ ပါဝင်ပါက ဆန်စက်ပေါင်း ၁၀,၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို တန်းမြင့်ဆန်စက်တွေကို ငွေကြေးအကုန်ကျခံ တည်ဆောက်ထားပေမဲ့ ကမ္ဘာ့ဆန်ဈေးကွက်  အပြောင်းအလဲ ဖြစ်လာတဲ့အခါ တခြားဆန်ထွက်တဲ့ နိုင်ငံတွေနဲ့ မြန်မာဆန်တွေ ယှဥ်မရောင်းနိုင်တဲ့ အခြေအနေကို ဆန်ကုန်သည်တယောက်က အခုလို သုံးသပ်ပါတယ်။

“အမှန်ကတော့ ကျနော်တို့ အစည်းအဝေးတွေ တက်တဲ့အခါကျတော့ ကျနော်တို့နိုင်ငံက ပို့တာ White Rice ပေါ့။ ဆန်ဖြူပေါ့။ ဆန်ဖြူဆိုတာ ကုန်စည်ဒိုင်မှာပါတဲ့ အသွယ်တွေ အကုန်ပေါင်းလိုက်တာ။ ဒီထဲမှာ ထမင်းကောင်းတာလည်းပါတယ်၊ မကောင်းတာလည်းပါတယ်။ စားသုံးတဲ့အခါမှာ ပေါ့တာတွေ၊ မာတာတွေ အဲလိုမျိုးတွေပါတာပေါ့နော်။ ဥပမာ GW 11 ဆိုရင် ပျော့တယ်၊ ရတနာတိုးဆိုရင် နည်းနည်းမာတယ်။ အဲ့နှစ်မျိုးကို ပုံပြီးတော့ ထမင်းချက်စားရင် ဘယ်ကောင်းမလဲ။ အဲ့တော့ ကျနော်တို့နိုင်ငံက အိပ်စ်ပို့တင်တဲ့သူအားလုံးက ကုန်စည်ဒိုင်ကနေ RAW တွေ ဝယ်ပြီးတော့ အဲ့ဟာကို ပေါ်လစ်လေး တင်ပြီးတော့ ပို့လိုက်တယ်။ တကယ်တမ်း စားသုံးတဲ့သူ၊ ပို့လိုက်တဲ့သူမှာ ပျော့တာတွေ၊ မာတာတွေမှာ တသွေးတသားတည်း မထွက်ဘူး။ ထမင်းရဲ့ အရောင်အဆင်း အရသာတွေမှာ သူများနိုင်ငံတွေနဲ့ မယှဉ်နိုင်ဘူး။”

လတ်တလော ဆန်ဈေးကွက်ကျဆင်းနေသလို ၂၀၂၅ မိုးစပါးရာသီအတွက် စပါးတွေ ပေါ်လာပြီဖြစ်လို့ စပါးလှိုင်လှိုင်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ဆန်ဈေးကျနေတာက စပါးဈေးကို ဆက်လက်ကျဆင်းစေမှာ ဖြစ်လို့ စစ်ကောင်စီအနေနဲ့ တစုံတရာ မတုံ့ပြန်ပါက လာမယ့် စပါးရာသီတွေမှာ ဆက်လက်စိုက်ပျိုးနိုင်ဖို့ အခက်အခဲတွေအပြင် စပါးစိုက်ဧက ၁၅ သန်းမှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူမိသားစုတွေမှာ စားဝတ်နေရေး ဘေးဒုက္ခတွေပါ ကြုံလာကြရတော့မှာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013