
ဆန်ဈေးမြင့်တက်မှုကို ထိန်းချုပ်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အစီအစဉ်တွေ ဆက်တိုက် လုပ်ဆောင်နေပေမဲ့ လက်ရှိမှာ ဆန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ပြည်သူတွေ ဈေးကြီးပေးဝယ် စားသောက်နေရပါတယ်။
ဆန်ဈေးမြင့်တက်မှာကို ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ အိမ်အရောက်ပို့ စနစ်နဲ့ ရောင်းချပေးတဲ့ အစီအစဉ်ကို မတ်လထဲ စတင်ခဲ့ပါတယ်။
အသင်းချုပ်က သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းနဲ့ ရောင်းချပေးနေခဲ့ရာကနေ မတ် ၁၆ ရက်မှာတော့ စက်သုံးဆီအခက်အခဲကြောင့် ရပ်ထားလိုက်ကြောင်း ကြေညာပါတယ်။
အဲဒီနောက် ဧပြီ ၁၀ ရက်က သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချပေးနိုင်ဖို့ ဈေးနှုန်းကို ထပ်မံပြင်ဆင် သတ်မှတ်ပေးခဲ့ပြန်ပါတယ်။
ဧပြီ ၁၀ ရက်နေ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်ဈေးက ဆန်စက်တွေမှာ ဧည့်မထ တပြည်ကို ၂,၅၀၀ ကျပ်၊ ရက် ၉၀ ဆန်နဲ့ ပြည်တွင်းစားဆန်တွေကိုတော့ တပြည် ၃,၀၀၀ ကနေ ၃,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းက အရည်အသွေးပေါ်မူတည်ပြီး ၅,၀၀၀ ကနေ ၆,၀၀၀ အတွင်း ရောင်းချပေးဖို့ သတ်မှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်က ဝါးတန်းနဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်တွေနဲ့ စက်မှုဇုန်တွေ၊ စက်ရုံဝန်ထမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေကိုပါ ရောင်းချပေးရမဲ့ ဈေးနှုန်းတွေကိုပါ အသီးသီး သတ်မှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း သင်္ကြန်ကာလအပြီးမှာတော့ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ကြားကပဲ ဆန်ဈေးတွေက အဆမတန် မြင့်တက်လာခဲ့ပါတယ်။
ရန်ကုန်မြို့က အိမ်ထောင်ရှင်မတယောက်က “ဆန်ချောဆိုတာ အရင်တုန်းက ၇,၀၀၀ တို့၊ ၈,၀၀၀ တို့၊ ၉,၀၀၀ တို့ဆိုတဲ့ ဆန်တွေက အခု ၁၀,၀၀၀၊ ၁၂,၀၀၀ အဲ့လိုဖြစ်သွားပြီ။ အိမ်မှာ အခုစားနေတဲ့ဆန်က အရင်တုန်းက ၇,၀၀၀ ဝယ်ရတယ်။ အခု ၉,၀၀၀ ဖြစ်သွားပြီ။ အကြမ်းဆိုလို့ရှိရင် တပြည် ၆,၀၀၀ ဆိုတာက အနိမ့်ဆုံး၊ ဆန်ကြမ်းကို သွယ်သွယ်လေးတွေပေါ့။ အနည်းဆုံး တပြည်ကို ၂,၀၀၀ နှုန်းလောက်တက်တယ်။ ဆန်ကျိုးဆိုတဲ့ဆန် ရှိသေးတယ်။ အဲဒါတောင်မှ ၄,၀၀၀ ရှိတယ်။ တိရစ္ဆာန်တွေ ဘာတွေ တချို့ကျွေးတယ်၊ အဲဒီဆန်ကျိုးတောင် ၄,၀၀၀ ရှိတယ်” လို့ ပြောပါတယ်။
ရန်ကုန်က ဆန်ဆိုင်ကြီးတွေရဲ့ ဧပြီလလယ်ဈေးနှုန်းတွေမှာ ရွှေဘိုပေါ်ဆန်း (ဒု- ထိပ်စ - Premium Light) ၂၄ ပြည်ဝင် တအိတ်ကို ၂၆၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ထူးရှယ်) က ၂၁၀,၀၀၀ ကျပ်၊ ကြားပျံထူးရှယ်က ၁၇၅,၀၀၀ ကျပ်၊ ဧရာပေါ်ဆန်းမွေးတအိတ်ကို ၁၇၂,၀၀၀ ကျပ်၊ ဆင်းသွယ်ထူးရှယ် (ဟောင်း) တအိတ်ကို ၁၃၅,၀၀၀ ကျပ်၊ ဇီယာရှယ်တအိတ်ကို ၁၁၅,၀၀၀ ကျပ်နဲ့ ငစိန် (ဆန်ကြမ်း) တအိတ်မှာ ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
မန္တလေးမြို့မှ ပြည်သူတယောက်က “ကျနော်တို့အိမ်မှာက မိသားစုက ၇ ယောက်ရှိတော့ တလကို ဆန်တအိတ်ခွဲလောက် ကုန်တယ်၊ တအိတ်ခွဲကျော်ကျော်ပေါ့။ အဲဒီတော့ ဆန်တမျိုးတည်းကို ကုန်ကျစရိတ်က တော်တော်လေး များနေပြီ။ အဲဒီအချိန်မှာ တခြား အခြေခံ စားသောက်ကုန်တွေကလည်း လိုက်မြင့်တက်လာတော့ ဝင်ငွေနဲ့ ထွက်ငွေ မျှအောင် မနည်းကြိုးစားနေရတယ်။ အမှန်တိုင်း ပြောရရင်တော့ မမျှဘူးပေါ့။ ဒါ ကျနော့်မိသားစုအတွက် ဆိုတော့ မရရအောင် ကြံဖန်ကြိုးစားနေရတာပေါ့။ အခု မြန်မာနိုင်ငံမှာက ဒီဆင်းရဲမွဲတေမှုတွေ ကတော့ ပိုတိုးလာမဲ့ အနေအထားမှာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်တောင် ဈေး အဲဒီလောက်တက်နေရင် တချို့ ဆန်ကြမ်းတောင် မစားရတဲ့ အခြေအနေရှိတဲ့ လူတန်းစားတွေ ပိုတိုးလာပြီးတော့ ဆင်းရဲမွဲတေမှု၊ ငတ်ပြတ်မှုတွေကတော့ အရင်ကတည်းက Failed State ဖြစ်နေတဲ့ တိုင်းပြည်မှာ ပိုဆိုးလာမယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေ ပိုတိုးလာတာကို မြင်သာစေပြီး အစားအသောက် မလုံလောက်မှုနဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။











