
ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်မျက်နှာ ၃ ခု ဖွင့်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် စစ်ပွဲအနီးနားက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်တပ်ဟာ ကရင်နီပြည်နယ်ထဲမှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင်လာနေပြီလို့ စက်တင်ဘာ ၂၈ ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက ဒေသခံပြည်သူတွေအပြင် စစ်ပွဲနဲ့ အနီးဆုံးမှာရှိနေကြမယ့် ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကြောင့် လုံခြုံရေးသတိရှိဖို့အပြင် တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ တိုက်တွန်းထားတယ်လို့ KNDF ရဲ့ ဗဟိုနဲ့သတင်းပြန်ကြားရေးက ဆိုပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကတည်းက ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကိုရပြီးတဲ့နောက် ဘောလခဲဘက်ကို ထိုးစစ်အတွက် အင်အားပြင်ဆင် ဖြည့်တင်းနေပြီး ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမှာလည်း စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေကာ ဖယ်ခုံဘက်အခြမ်းမှာတော့ PNO ပြည်သူ့စစ်နဲ့ပေါင်းပြီး စစ်ကြောင်းထပ်ထိုးလာတဲ့အတွက် စစ်မျက်နှာ ၃ ခုနဲ့ထိုးစစ်စလာတာလို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက DVB ကို ပြောပါတယ်။
“ဒီးမော့ဆိုကနေ ဖရူဆိုကိုထိုးတဲ့ စစ်ကြောင်းက သုံးလေးငါးကြောင်း ခွဲပြီးထိုးတယ်လေ။ ဖယ်ခုံဘက်မှာဆိုရင်လည်း ဥပမာ တောင်မဲသင်း (ရွာ) ဘက်မှာပေါ့ စစ်ကောင်စီတပ်နဲ့ PNO နဲ့ ပူးပေါင်းပြီးတော့ စစ်ကြောင်းထိုးနေတာရှိတယ်။ မိုးဗြဲဆိုရင်လည်း မိုးဗြဲမြို့ထဲမှာရှိတယ်၊ သူတို့မိုးဗြဲမြို့ကိုတော့ ထိန်းချုပ်ထားတယ်။ မိုးဗြဲမြို့အပြင်ဘက်ကို ထွက်နိုင်ဖို့အတွက် သူတို့ကြိုးစားနေတယ်၊ ဒါပေမဲ့ ကျနော်တို့တပ်တွေနဲ့ ထိတွေ့မှုဖြစ်နေတယ် အဲ့ပုံစံမျိုးပါပဲ။ အဓိက စစ်မျက်နှာ ၃ ခုလောက်မှာ ဖြစ်နေတယ်တိုက်ပွဲက။”
ကရင်နီပြည်နယ်မှာ လက်ရှိရာသီဟာ စပါးရိတ်သိမ်းအချိန်ဖြစ်တဲ့အတွက် ထိုးလာတဲ့ စစ်ကြောင်းနဲ့ အနီးနားက လယ်ကွင်းတွေမှာ လယ်စိုက်နေတဲ့သူတွေ ဖမ်းဆီးစစ်ဆေးခံရတဲ့ဖြစ်ရပ်တွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်က မိုးဗြဲနဲ့ လွိုင်ကော်ကြားမှာရှိတဲ့ ဆောခီးဒေါရွာနားမှာ လယ်စိုက်နေတဲ့ ဒေသခံအမျိုးသမီ ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။
အဖမ်းခံရသူတွေဟာ စစ်ဆေးမေးမြန်းနေစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ပုံစံတွေ နဲ့ပြန်လွှတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်နေတဲ့ ကရင်နီပြည်နယ်မှာ စစ်ရှောင်တွေနဲ့ ဒေသခံတွေကတော့ ဝမ်းရေးဖြေရှင်းဖို့အတွက် တိုက်ပွဲတွေကြားထဲကနေပဲ လယ်ယာအလုပ်တွေ ဆက်လုပ်နေရတာပါ။
ဒီးမော့ဆိုဒေသခံတယောက်က “စပါးရိတ်တဲ့နေရာတွေကလည်း အဓိက စစ်သားတွေနဲ့နီးတာပေါ့။ နောက်ပြီးတော့ သူများပြေးပြီး သူတို့မပြေးဘဲ ကျန်ခဲ့တာတွေ တော်တော်များများအဖမ်းခံရတာ။ နောက်တခုက သူတို့က အရှေ့မှာ ရဲဘော်တွေ ကာကင်းတွေ သေချာလုပ်ပေး၊ အနောက်ကနေ မလှမ်းမဝေးမှာ ရိတ်သိမ်းတာတို့၊ တခုခုလုပ်တာတို့ တောင်ယာလယ်ယာတို့ လုပ်တာတို့ ဖြစ်ဖြစ်ပေါ့ ဒရုန်းနဲ့ချတယ်၊ အဲ့ဒါလည်း လုံခြုံမှုမရှိဘူးလေ။”
ဒီးမော့ဆိုနားတဝိုက် စစ်ကြောင်းထိုးပြီးတဲ့ ရွာတွေမှာတော့ စစ်တပ်ဘက်က ဒေသခံတွေကို ရွေးကောက်ပွဲအမီ ပြန်လာဖို့ တိုက်တွန်းနေပြီး လူပြန်မနေတဲ့အိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းမယ့်အကြောင်း လိုက်လံနှိုးဆော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်တပ်က လုပ်မယ် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကရင်နီမြို့တော်လွိုင်ကော်နဲ့ ဘောလခဲမှာ ကျင်းပမှာဖြစ်ပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ နယ်မြေစိုးမိုးမှုတွေကြောင့် ကရင်နီရဲ့ မြို့နယ်တော်တော်များများမှာတော့ ရွေးကောက်ပွဲ မပြုလုပ်နိုင်ပါဘူး။
မောရစ်











