
ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ စစ်တပ်လက်ချက်ကြောင့် စက်တင်ဘာလ ၁ လတာအတွင်း ပြည်သူ ၁၅ ယောက်သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု PKPF က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အသေခံဒရုန်းတွေအသုံးပြုပြီး စစ်ရေးပစ်မှတ် မဟုတ်ဘဲ အရပ်သားပြည်သူတွေရှိရာနေရာကိုလည်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးနေရတယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က "လေယာဥ်နဲ့ကြဲတယ်၊ ကြဲပြီးနောက်ပိုင်းမှာ လက်နက်ကြီးနဲ့ လည်း ပစ်တာရှိတယ်၊ စကစက အရပ်သားပြည်သူတွေကိုလည်း ပိုတိုက်ခိုက်လာတာတွေ့ရတယ်။ စစ်ရှောင်တွေကို ပစ်မှတ်ထားနေသလိုပဲ" လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၅ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူနဲ့ စစ်ရှောင် ၉၀၄ ယောက် သေဆုံးခဲ့ရပြီး ၄၂ ယောက် ဖမ်းဆီးခံရတဲ့အပြင် နေအိမ်ပေါင်း ၃၄၄၄ လုံး ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် ဘာသာရေးအဆောက်အအုံ ၆၇ ခု၊စာသင်ကျောင်း ၃၄ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၉ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PKPF ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်က စက်တင်ဘာလအတွင်း မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ မော်ချီးဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ပစ်ခတ်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေပြုလုပ်တာကြောင့် စစ်ရှောင်ပြည်သူ တွေ ပိုမိုစိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။










