DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စက်တင်ဘာလအတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ
DVB
·
October 8, 2026
Photo: ကရင်နီလူ့အခွင့်အရေးအဖွဲ့
Photo: ကရင်နီလူ့အခွင့်အရေးအဖွဲ့
Donate to DVB

ကရင်နီပြည်မှာ စစ်အာဏာရှင်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၁၄ ယောက် သေဆုံးပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ လစဉ်မှတ်တမ်းအရ စက်တင်ဘာလအတွင်း စစ်အာဏာရှင်ဘက်က အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၃၀ အထိ ပြုလုပ်ခဲ့ပါတယ်။

ဒီအထဲမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၇ ကြိမ်၊ လေကြောင်းကနေ ဗုံးကြဲမှု ၁၀ ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၂ ကြိမ်နဲ့ မတရားဖမ်းဆီးမှု တကြိမ်တို့ ကျူးလွန်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်နီဒေသအလိုက် ကြည့်ရင် တိုက်ခိုက်မှုအများဆုံး ၁၀ ကြိမ်ထိ လွိုင်ကော်မှာ ဖြစ်ခဲ့ပြီး ဖရူဆို ၉ ကြိမ်၊ ဒီးမော့ဆို ၆ ကြိမ် အသီးသီး ကျူးလွန်ခံရတယ်လို့ဆိုပါတယ်။ ဖယ်ခုံ၊ ဘော်လခဲ၊ ဖားဆောင်းနဲ့ ရှားတောမှာ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကလေးတွေက ၆ ယောက် အများဆုံးဖြစ်ပြီး အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက် အားလုံးပေါင်း ၁၄ ယောက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရသူထဲမှာ အမျိုးသမီး ၁၇ ယောက်၊ အမျိုးသား ၁၆ ယောက်၊ ကလေး ၁၄ ယောက် အားလုံးပေါင်း ၄၇ ယောက် ရှိနေတယ်။

လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၅ ခု၊ စာသင်ကျောင်း ၃ ကျောင်း၊ နေအိမ် ၄၃ လုံး၊ စိုက်ခင်း ၉ ခု၊ ယာဉ် ၇ စီး အပါအ၀င် အိမ်မွေးတိရစ္ဆာန်တွေနဲ့ လမ်း/တံတားတွေပါ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မှတ်တမ်းမှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတွေကို အဓိကသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကရင်နီက ကလေးသူငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ထိခိုက်နေရသလို စိုက်ပျိုးမြေတွေ ပျက်စီးသွားတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားဝတ်နေရေး အခက်အခဲတွေ ပိုမိုကြီးမားလာနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

စစ်အာဏာရှင်တပ်က အရပ်သားတွေနေထိုင်ရာဘက်ဆီကို စစ်ကြောင်းထိုးတာ၊ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲနေတာကြောင့် လွိုင်ကော်အရှေ့ခြမ်းမှာ ပြည်သူအယောက် ၃၀၀ ကျော်၊ ဖရူဆိုဘက်ခြမ်း ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်အများစု ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှတ်တမ်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် ကရင်နီပြည်အတွင်း အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့ ဆောင်ရွက်ပေးဖို့နဲ့ စစ်အာဏာရှင်တပ်ဆီ လေယာဉ်ဆီ ရောင်းချတာနဲ့ လက်နက်ရောင်း၀ယ်တာတွေကို ထိရောက်စွာ တားဆီးပိတ်ဆို့ပေးဖို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013