
ကရင်နီပြည်နယ်ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နိုင်ငံ့ဝန်ထမ်းတွေအတွက် "CDM Verification Card" ပြုလုပ်ပေးနိုင်ဖို့ စာရင်းစတင်ကောက်ယူနေပြီဖြစ်ကြောင်း ကရင်နီပြည်နယ် ပြည်သူ့ဝန်ထမ်းအင်အားစု (KSCSC-CDM) က အောက်တိုဘာ ၈ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။
ဦးစွာပထမအနေနဲ့ KSCSC-CDM မှ အဖွဲ့ဝင်တွေအတွက် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသေးတဲ့ ကရင်နီပြည်နယ်အတွင်းရှိ CDM ဝန်ထမ်းတွေအတွက်လည်း အခုလို ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုထားပါတယ်။
စာရင်းပေးပို့လာကြတဲ့ CDM တွေကို သေချာစွာ စိစစ်အတည်ပြုချက်တွေ ရယူပြီးမှသာ အဆိုပါ ကတ်ပြုလုပ်ရာမှာ ကုန်ကျစရိတ်ရှိမှာဖြစ်ပေမဲ့ ငွေကြေးပေးဆောင်ဖို့ အဆင်မပြေတဲ့ CDM တွေအတွက် KSCSC-CDM က ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး စာရင်းပေးပို့လာတဲ့ CDM တွေကိုလည်း သေချာ စိစစ်အတည်ပြုချက် ရယူပြီးမှသာ CDM Verification Card တွေကို ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကရင်နီပြည်နယ်ရှိ CDM ဝန်ထမ်းတွေအနေနဲ့ KSCSC-CDM Page ကနေ ကိုယ်တိုင်ဝင်ရောက် စာရင်းပေးသွင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။











