
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်နဲ့ နိုင်ငံတွင်း ဒေသအများအပြားမှာ ရေပြတ်လပ်တာကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး မိသားစုတွေဟာ သောက်သုံးရေရဖို့ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
မိုးခေါင်မှုက နိုင်ငံရဲ့ ရေအရင်းအမြစ်တွေအပေါ် အပြင်းအထန် ဖိအားပေးနေပြီး စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ခြိမ်းခြောက်နေတာပါ။
ရာသီဥတုဖောက်ပြန်မှုနဲ့ မြေအောက်ရေကို အလွန်အကျွံသုံးစွဲခြင်းက အခြေအနေကို ပိုဆိုးရွားစေခဲ့ပြီး တချိန်က ရေဖူလုံတဲ့ အိမ်ထောင်စုတွေတောင် အဝေးက ပိုက်တွေနဲ့ ကိုယ်ပိုင်ရေသယ်ယာဉ်တွေအပေါ်မှီခိုနေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူ ၂၄ သန်းကျော်ဟာ ပဋိပက္ခ၊ စီးပွားရေး အကျပ်အတည်းနဲ့ ကာလကြာရှည် မိုးခေါင်မှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေပြီလို့ ကုလသမဂ္ဂက အစီရင်ခံခဲ့ပါတယ်။
ထပ်တလဲလဲ ရေပြတ်လပ်မှုကြောင့် မိသားစုတွေဟာ ရေကို အချိုးကျရရှိရေး တန်းစီစောင့်ဆိုင်းနေရပြီး စရိတ်စကတွေ တိုးလာတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခံနေရတဲ့အတွက် ရေသယ်ဖို့ ကလေးတွေပါ ကျောင်းပျက်နေရပါတယ်။
ဒေသခံ အာဆတ်ဒူလာဟာ သူတို့အိမ်က ရေတွင်း ခန်းခြောက်သွားတဲ့ အချိန်ကတည်းက လွန်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ရေပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့ ဆွေမျိုး ၁၃ ယောက်ကို ထောက်ပံ့ပေးထားရပါတယ်။
နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မိသားစုက ရေစည်တွေကိုဖြည့်ဖို့ နာရီပေါင်းများစွာ ကြာအောင် တန်းစီနေရတဲ့ ဗလီဆီ မီတာ ၄၀၀ လောက် လမ်းလျှောက်သွားနေရပါတယ်။
နှစ်ပတ် တကြိမ်သာ ရောက်လာတဲ့ ရေတင်ယာဉ်ကို အားကိုးပြီး ပုံမှန်မဟုတ်တဲ့ အပိုကုန်ကျစရိတ်တွေကြောင့် မိသားစုဝင်ငွေအပေါ် အပြင်းအထန် အကျပ်အတည်းဖြစ်စေတယ်လို့ သူတို့က ပြောပါတယ်။
ရေသန့်မရလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်နေတယ်၊ ကလေးတွေကို မပေးမီ ရေကို နှစ်ကြိမ်ကြိုရပြီး နေ့စဉ်ရုန်းကန်နေရတယ်လို့ အိမ်ရှင်မတယောက်က ပြောခဲ့ပါတယ်။
Source: Reuters










