
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာအများအပြားမှာ သောက်သုံးရေအတွက် အခက်အခဲ ဖြစ်ပေါ်နေပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီလ ပထမအပတ်က စတင်ပြီး နေ့အပူရှိန်တွေ မြင့်တက်လာမှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ်ထဲက ဒေသခံပြည်သူတွေ အဓိကသောက်သုံးနေရတဲ့ ရေကန်တွေနဲ့ ချောင်းရေတွေ ခန်းခြောက် လျော့နည်းမှုကြောင့် သောက်သုံးရေအတွက် အခက်အခဲ ဖြစ်လာပြီး ရေအကူအညီ လိုအပ်နေတာလို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံ အရပ်သားတယောက်က “ရေတွေက တဖြည်းဖြည်း လျော့နည်းလာတာ။ ချောင်းရေလည်းမရဘူး၊ ကန်ရေလည်း မရဘူး ဖြစ်နေတယ်။ သောက်သုံးရေ အဓိက အတော်အခက်တွေ့နေတယ်။ ရေလာလှူပေးတဲ့သူတွေရှိတယ်၊ လိုအပ်ချက်နဲ့ မမျှဘူးဖြစ်နေတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရေတွင်းကုန်းကျေးရွာ၊ အလယ်ရေကျော်ကျေးရွာ၊ ကြက်ရှာကျေးရွာ၊ ကစောင်းကျေးရွာ စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၄၀ ကျော်လောက်က ဒေသခံတွေ သောက်သုံးရေအတွက် အခက်အခဲဖြစ်ကာ ရေအကူအညီ လိုအပ်နေတာလို့ သိရပါတယ်။
ရေလှူဒါန်းရာမှာ ပါဝင်တဲ့ တာဝန်ရှိသူတယောက်က “အလှူရှင်တွေ၊ တာဝန်ရှိသူတွေ စုပေါင်း ရေလှူပေးနေပါတယ်။ ရေက လိုအပ်ချက်က များနေတာ။ အခု ရေအလှူရှင် စောင့်နေတယ်။ ရွာတော်တော်များများမှာ ရေအခက် အခဲ ဖြစ်နေတယ်၊ အဆင်မပြေဘူး” လို့ ပြောပါတယ်။
အဆိုပါဒေသတွေကို သောက်သုံးရေ လှူပေးတဲ့ အလှူရှင်တွေ အနေနဲ့လည်း ရေအတွက်သာ တတ်အားသရွေ့ လှူဒါန်းပေးနိုင်တာကြောင့် မြေပြင်အထိ ကွင်းဆင်းလှူဒါန်းဖို့ စက်သုံးဆီဖိုးနဲ့ တခြားသယ်ယူစရိတ်တွေပါ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေဟာ မသန့်ရှင်းတဲ့ ချောင်းမြောင်းတွေထဲက ရေတွေကို ခပ်ယူကာ အချိန်အတန်ကြာ အကြည်ခံ သောက်သုံးနေရတဲ့အတွက် ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။










