DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်သူများ စစ်ရေးသတိရှိကြရန် ULA တိုက်တွန်း
DVB
·
September 30, 2025
ရခိုင်ပြည်သူများ စစ်ရေးသတိရှိကြရန် ULA တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်း ၃ ခုမှာ စစ်ရေးရှုံး​နိမ့်နေပြီး တပ်ပျက်လာတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်က မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံတွေကို နေ့ ညမရွေး လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ရေးသတိရှိကြဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က စက်တင်ဘာ ၂၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နဲ့ ရင်ဆိုင်နေရတဲ့ ​တိုက်ပွဲတွေမှာ စစ်ရေးရှုံးနိမ့်ပြီး တပ်ပျက်နေသလို အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း တိုက်ခိုက်လိုစိတ်မရှိဘဲ ထွက်ပြေးနေကြတာ၊ အလင်းဝင်ကြတာတွေ နေ့တိုင်းဖြစ်ပျက်နေတယ်လို့ ULA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဲဒီလို မြေပြင်တိုက်ပွဲတွေမှာ အကျအရှုံးတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီတပ်ဟာ AA က အပြည့်အဝ ထိန်းချုပ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့၊ ရွာတွေရှိ ဆေးရုံ၊ စာသင်ကျောင်း၊ စျေးနဲ့ ဘုန်းကြီးကျောင်းတို့လို လူစုလူဝေး ဖြစ်စေတယ်လို့ ယူဆတဲ့ နေရာတွေကို လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပိုမိုလုပ်ဆောင်လာနေတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အရင်ထက် သတိထားကြဖို့နဲ့ စစ်ရေသတိရှိကြဖို့ ULA က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၆ ရက်က တောင်ကုတ်မြို့၊ စက်တင်ဘာ ၂၇ နဲ့ ၂၈ ရက်နေ့မှာ သံတွဲမြို့နဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ပလက်ဝမြို့နဲ့ ရသေ့တောင်မြို့နယ်တို့ကို လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သံတွဲမြို့နယ်မှာ အမျိုးသားတယောက် သေဆုံးပြီး နောက်ထပ် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပလက်ဝမြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးပြီး နောက်ထပ် ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ ကြက်ရိုးဆိပ်ကျေးရွာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှုမှာလည်း အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် ကျေးရွာသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်နိုင်မှုမရှိတော့တဲ့ ရခိုင်က မြို့နယ်တွေကို တိုက်ခိုက်လာမှုဟာ အရှုံးကို လက်မခံနိုင်မှုနဲ့ ပြည်သူတွေကို အကြောက်တရားသွင်းနေတာ ဖြစ်တယ်လို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကော်မရှင်ဟာ ရခိုင်မှာ သူတို့ဆုံးရှုံးထားတဲ့ မြို့နယ်တွေမှာ အရှုံးကို လက်ခံမှုမရှိသေးဘူးလို့ ပြောရမယ်။ တခြားဒေသတွေမှာ သူတို့ စစ်ရေးဦးမော့လာချိန်မှာ ရခိုင်မှာ လှုပ်မရတာကြောင့် ပြည်သူတွေကို ရှုံးမဲမဲလာတဲ့ သဘောပေါ့။ အဲဒါကြောင့် AA ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီးတော့ အကြောက်တရားသွင်းလာတာ ဖြစ်တယ်။ ပြည်သူနဲ့ AA အကြား သွေးခွဲတဲ့ အနေအထားနဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်လာတာဖြစ်တယ်။”

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို ရခိုင်နဲ့ ထိစပ်နေတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း အစပ်တွေမှာလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ AA က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013