DVB Logo
Home
မြန်မာသတင်း
ပိုမိုပြင်းထန်လာမည့် စစ်ရေးအတွက် ရခိုင်ပြည်သူများ ပြင်ဆင်ထားရန်လိုအပ်
DVB
·
October 2, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်က အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့အတွက် မိုးအကုန် ဆောင်းကူးကာလမှာ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ အာရက္ခတပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ်က ပြည်သူတွေကို သတိပေးထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း အပါအဝင် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကလည်း စစ်အင်အား ၂ ဆ၊ ၃ ဆအထိ ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေကို တပြိုင်နက်တည်း တိုးမြှင့်ပြီး ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် မိုးအကုန် ဆောင်းကူးကာလမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့ အထူးသတိထား နေထိုင်ကြဖို့ စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်တဲ့ ULA ပါတီ ဂျာနယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က သတိပေး ပြောဆိုလိုက်တာပါ။

စက်တင်ဘာလ ပထမအပတ်ကစပြီး စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ အစပ်နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို လက်ရှိမှာလည်း စစ်အာဏာရှင်တပ်က လေကြောင်း၊ ရေကြောင်းကနေ ပစ်ခတ်မှု တွေကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ရာချီ ရှိလာနေပါပြီ။

စစ်ရေးအရှိန်အဟုန် မြင့်လာတာနဲ့အတူ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူ ဆရာဝေဟင်အောင်က သုံးသပ်ပါတယ်။

“ပြည်သူတွေအနေနဲ့လည်း ဒီအပေါ်မှာ အခါတိုင်းထက် ပိုပြီး သတိထားဖို့ လိုလာတယ်။ တတ်နိုင်သမျှ စုစုစည်းစည်းနဲ့ နေကြဖို့ လိုလာတယ်။ လိုအပ်တဲ့ ဆေးဝါးတွေရယ်၊ ပြီးတော့ အရေးပေါ် ဖြစ်လာရင် တယောက်နဲ့တယောက်ကြားမှာ ဝိုင်းဝန်းပြီးတော့ ကူညီထောက်ပံ့မှုတွေ လုပ်ဖို့အတွက်လည်း လိုတယ်ဗျ။ ကူညီထောက်ပံ့ရေး လုပ်နေတဲ့သူတွေဘက်ကလည်း ဒီအပေါ်မှာ ကြိုတင်ပြင်ဆင်ထားဖို့ အများကြီးလိုအပ်တယ်။ ကျနော်တို့ အချိန်နဲ့တပြေးညီ ကူညီထောက်ပံ့နိုင်ဖို့၊ ပြီးတော့ ပြည်သူတွေကို အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့အတွက် လူမှုအဖွဲ့အစည်းတွေရယ်၊ ပြီးတော့ အုပ်ချုပ်သူတွေရယ် ဒီ ULA ပါတီဘက်တွေရယ် ပေါင်းပြီးတော့ ဆောင်ရွက်ကြဖို့အတွက်လည်း လိုလာတယ်လို့ မြင်မိတယ်။ ဒါကြောင့် တခုခု ပြဿနာဖြစ်လာပြီ ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ စိတ်အေးအေးထားပြီးတော့ ဝိုင်းဝန်းဖြေရှင်းကြဖို့ ပြည်သူတွေဘက်ကိုလည်း တိုက်တွန်း နှိုးဆော်ချင်ပါတယ်။”

ဒါပေမဲ့လည်း လက်ရှိ ရခိုင်ပြည်မှာ ဘိလပ်မြေအိတ်တအိတ်ကို ကျပ် ၂ သိန်းထိ ပေးဝယ်နေရတဲ့ အတွက် ဘေးလွတ်ရာ မတိမ်းရှောင်နိုင်တဲ့ အခြေခံ လက်လုပ်လက်စားသမားတွေဟာ ခိုင်မာတဲ့ ဗုံးခိုကျင်းတွေ တူးနိုင်ဖို့ကိုတောင် အနိုင်နိုင် ဖြစ်နေကြတာပါ။

ဒီငွေကြေးပမာဏဟာ စစ်ပွဲကြားမှာ ဝင်ငွေရှားပါးနေတဲ့ သာမန်ပြည်သူတွေအတွက်တော့ အလှမ်းဝေးကွာပါတယ်။

ခုလို တိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် ကြိုတင်သတိထားဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိနေပေမဲ့ လည်း ပြည်သူတွေအနေနဲ့ ခိုင်ခန့်တဲ့ ဗုံးခိုကျင်းတွေတောင် ကြိုတင်ပြင်ဆင်ဖို့ မတတ်နိုင်တဲ့ အနေအထားပါလို့ ရသေ့တောင် ဒေသခံတယောက်က ပြောပါတယ်။

“ကိုယ့်အပေါ် တည်တည့်ကျလာရင်တော့ သေရမှာပေါ့။ ဒီကြားထဲမှာ လေယာဉ်လာလို့ရှိရင်ဝောာ့ ဗုံးခိုကျင်းထဲ ပြေးဝင်မယ် ဒီလောက်ပါပဲ။ ဒီထက်ပိုပြီးတော့ ဘာမှမရှိပါဘူး။ တချို့ဆိုရင် ဗုံးခိုကျင်းကို ဘိလပ်မြေတို့ သံတို့နဲ့ မလုပ်နိုင်တော့ပါဘူး။ ဒီအတိုင်းပဲ မြေကြီးပေါ်တူးပြီး နေရတာပေါ့။ တချို့ မြစ်နဲ့ ချောင်းနဲ့ နီးတဲ့နေရာတွေမှာ နေတဲ့သူတွေဆိုရင် မြေကြီးကိုတူးလည်း ရေထွက်တဲ့နေရာဆိုတော့ သဲအိတ်ကလေးတွေနဲ့ကာပြီး ဒီအတိုင်းပဲ နေကြတယ်။ မိသားစု အပိုဝင်ငွေဆိုတာ မရှိတဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်။ ဆေးဝါးပြင်ဆင်တာတို့၊ စားနပ်ရိက္ခာ စုဆောင်းဖို့အတွက်ကိုတောင် အခက်အခဲ ရှိနေတာပါ။ ငွေကြေးတတ်နိုင်တဲ့ လူအနည်းစုလောက်ပဲ ပြင်ဆင်နိုင်မဲ့ အနေအထားပါ။ ခိုင်မာတဲ့ အဖွဲ့အစည်းတခုခုက ကူညီမှပဲ ရမဲ့အနေအထားပါ။”

တဖက်မှာလည်း စစ်အာဏာရှင်တပ်ရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲမှုတွေကြောင့် လုံခြုံမဲ့ ရပ်ဝန်းဆိုတာ ဘယ်နေရာလဲလို့ မေးခွန်းထုတ်နေမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်အနေနဲ့ ‘တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်’ ဆိုတဲ့ မူဝါဒနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို လည်ပတ်နေတာပါ။

ဒါကြောင့် လာမဲ့ကာလဟာ တော်လှန်ရေးရဲ့ ခရီးကြမ်းကို ဖြတ်သန်းရမဲ့အချိန်ဖြစ်ပြီး ပြည်သူတွေ၊ ရဲဘော်တွေအနေနဲ့ ခွန်အား၊ ဉာဏ်ပညာ၊ စည်းလုံးမှုနဲ့အတူ သတိရှိရှိ ဆက်လက် ဆောင်ရွက်သွားကြဖို့ ဒေါက်တာညိုထွန်းအောင်က နှိုးဆော်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013